၃၀. ၄. ၂၀၂၄
Written by Ye Kyaw

ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်နိုင်ရန် လာမည့် မေလ ၃ ရက်မှစတင်၍ ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးအား သုည ဒသမ ၂၅ ရာခိုင်နှုန်းနှင့် ပျမ်းမျှသီးသန့်ငွေပေါ်တွင် ပေးသည့်အတိုးနှုန်းအား သုည ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဘဏ်က ယနေ့တွင် ညွှန်ကြားချက်အမှတ် (၄/၂၀၂၄)ဖြင့် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လှည့်လည်သုံးစွဲငွေ မြင့်တက်ခြင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခြင်းတို့အား အထိုက်အလျောက်ထိန်းချုပ်နိုင်ရန် ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးအား လက်ရှိ ၃ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၇၅ ဖြင့် သုည ဒသမ ၂၅ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိဘဏ်များနှင့် နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်များအနေဖြင့် အဆိုပါ ၃ ဒသမ ၇၅ ရာခိုင်နှုန်းတွင် ဘဏ်များ၏ ဗဟိုဘဏ်ရှိစာရင်းရှင်အပ်ငွေ (CAB) ဖြင့် ၃ ရာခိုင်နှုန်းနှင့် ဘဏ်များလက်ဝယ်ရှိငွေသား (Cash at Bank)ဖြင့် သုည ဒသမ ၇၅ ရာခိုင်နှုန်းထားရှိရမည်ဖြစ်သည်။

ဘဏ်များ၏ ငွေကြေးလွယ်ကူမှုကို ပိုမိုအထောက်အကူပြုစေရန်နှင့် ဘဏ်များ အတိုးဝင်ငွေပိုမိုရရှိစေရန် ပျမ်းမျှပိုလျှံသီးသန့်ငွေ (Average Excess Reserve) ပေါ် ပေးမည့်အတိုးနှုန်းကို လက်ရှိ ၃ ဒသမ ၆ ရာခိုင်နှုန်းမှ ၃ ဒသမ ၈ ရာခိုင်နှုန်းဖြင့် သုည ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်ခဲ့သည်။ အတိုးပေးရာတွင် ပျမ်းမျှပိုလျှံသီးသန့်ငွေပမာဏ အနည်းဆုံး ကျပ် ၇ ဘီလျံနှင့်အထက်ရှိသော ဘဏ်များကိုသာ အတိုးပေးမည်ဖြစ်ပြီး အများဆုံး ပျမ်းမျှပိုလျှံသီးသန့်ငွေပမာဏ ကျပ် ၅၀ ဘီလျံအထိသာ ခွင့်ပြုမည်ဖြစ်သည်။ အဆိုပါ ပြင်ဆင်သတ်မှတ်ချက်အား ၂၀၂၄ ခုနှစ် မေလ ၃ ရက်မှစတင်၍ အသုံးပြုသွားမည်ဖြစ်သည်။

ဘဏ်သည်ထိန်းသိမ်းမှုကာလ နောက်ဆုံးရက်တွင် ဘဏ်များ၏ ဗဟိုဘဏ်ရှိ ပျမ်းမျှစာရင်းရှင်အပ်ငွေ (Average CAB)အရ လည်းကောင်း၊ ပျမ်းမျှလက်ဝယ်ရှိငွေသား (Average Cash at Bank) အရ လည်းကောင်း၊ သတ်မှတ်ရာခိုင်နှုန်းအသီးသီးကို ပြည့်မီရမည်ဖြစ်ပြီး ပြည့်မီမှုမရှိပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒဏ်ကြေးဆိုင်ရာညွှန်ကြားချက်အမှတ် (၁၂/၂၀၁၆) ပါအတိုင်း ဒဏ်ကြေးပေးဆောင်စေမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News