၃၀.၄.၂၀၂၄.
Translated by Htwe Ko Tun

အီကွေဒေါနိုင်ငံရဲ့ အလှမယ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသူတစ်ဦးဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် အလှမယ် လန်ဒီပါရာဂါ ဂွိုင်ဘူရိုဟာ ဧပြီလ ၂၈ ရက်က အီကွေ‌ဒေါနိုင်ငံ၊ ကွီဗွီဒိုမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်အတွင်း နေ့အချိန်မှာပဲ သေနတ်သမားနှစ်ဦးက ဝင်ရောက်ပစ်ခတ်သတ်ဖြတ်ခဲ့လို့ သေဆုံးခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ပါရာဂါကို အမည်ဆိုးနဲ့လူသိကြတဲ့ မူးယစ်ဆေးဝါးဂိုဏ်း ခေါင်းဆောင်က သူတို့နှစ်ဦးဆက်သွယ်မှုကို ဖုံးကွယ်ထားဖို့ ပြောကြားအပြီးမှာ ခုလို ပစ်ခတ်မှုဖြစ်ခဲ့ရတာလို့ဆိုပါတယ်။

ဗီဒီယိုအရ ပါရာဂါဟာ စားသောက်ဆိုင်အတွင်း စားပွဲတစ်ခုဘေးမှာ လူတစ်ယောက်နဲ့ မတ်တပ်ရပ် စကားပြောနေစဉ်မှာ စားသောက်ဆိုင်အဝင်ဝက မျက်နှာဖုံးစွပ် သေနတ်သမားနှစ်ဦးပြေးဝင်လာပြီး သူမကို ဦးတည်ပစ်ခတ်ခဲ့တာကို တွေ့ရပါတယ်။

ပထမတစ်ဦးက ပါရာဂါအနီးပြေးဝင်လာပြီး ပစ်ခတ်ချိန်မှာ နောက်တစ်ဦးက တံခါးဝမှာ စောင့်ပြီးရပ်နေခဲ့တာပါ။ ဒီနောက်မှာတော့ နှစ်ဦးစလုံးက ထွက်ပြေးသွားခဲ့ကြပါတယ်။ ပါရာဂါမှာတော့ ကြမ်းပေါ်မှာ သွေးအိုင်ထဲလဲကျပြီး မလှုပ်မယှက်နိုင်ဘဲ သေဆုံးခဲ့ပါတယ်။

ပါရာဂါက ၂၀၂၂ ခုနှစ် မစ္စစ်အီကွေဒေါ အလှမယ်ပြိုင်ပွဲမှာ လော့စ်ရီယိုပြည်နယ်ကို ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ သူမက ဧပြီလ ၂၇ ရက်ညက ကွီဗွီဒိုမြို့မှာ မင်္ဂလာဧည့်ခံပွဲတစ်ခုကိုတက်ရောက်ဖို့ ရောက်နေခဲ့တာပါ။

ပါရာဂါက လူမှုကွန်ရက်မှာလည်း Follower တစ်သန်းကျော်ရှိပြီး အိမ်သုံးပစ္စည်းတွေတင်သွင်းတဲ့လုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ သူမကို ဒီဇင်ဘာလအတွင်းက မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်သူ နိုရီရိုနဲ့ သူ့ရဲ့စာရင်းကိုင် အန်ဂူလိုတို့နဲ့ဆက်သွယ်‌ပြောကြားခဲ့မှုအတွက် ရှေ့နေချုပ်ရုံးက သူတို့စုံစမ်းနေတဲ့ ရာဇဝတ်မှုတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် လူသိ ရှင်ကြား ရည်ညွှန်းဖော်ပြခဲ့ပါတယ်။ နိုရီရိုက ၂၀၂၂ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် ခြောက်လအကြာမှာ ထောင်ထဲမှာပဲ အသတ်ခံခဲ့ရပါတယ်။

အာဏာပိုင်တွေက ပါရာဂါရဲ့ အလောင်းကိုပြန်လည်စစ်ဆေးကာ လူသတ်မှုအတွက်လည်း စုံစမ်းနေတယ်လို့ သိရပါတယ်။

Ref- The New York Post

Leave a Reply

Your email address will not be published. Required fields are marked *