၂၉. ၄. ၂၀၂၄
Written by Shwe Phyo

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်တွင် ၁၀ ရက်ကြာပျောက် ဆုံးလျက်ရှိနေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ဧပြီ ၂၉ ရက်နေ့တွင် ခေါင်းပြတ်သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ချွန်ဘူရီပြည်နယ် ရဲမှူးကြီး ဝီရက်တာရက်ကူထိုင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားတစ်ဦးသည် ဧပြီ ၁၈ ရက်နေ့တည်းက ပျောက်ဆုံးနေသည်ဟု ထိုင်းရဲတပ်ဖွဲ့ကို သတင်းပေးပို့တိုင်တန်းချက်ရရှိခဲ့ကြောင်း၊ တောထဲတွင် ခေါင်းပြတ်နေသော ရုပ်အလောင်းကိုရှာဖွေတွေ့ရှိကြောင်း သတင်းကို လက်ခံရရှိပြီးနောက် သွားရောက်စစ်ဆေးချိန်တွင် မြန်မာနိုင်ငံသား၏ ဦးခေါင်းမပါသော ရုပ်အလောင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း Ban Bueng ရဲစခန်းမှ ရဲမှူးကြီး ဝီရက်က ပြောသည်။

ထိုဖြစ်စဥ်တွင် အသက် ၃၆ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးသည် အရက်သောက်ပြီးနောက် ရာသီဥတုပူလွန်းသည့် အတွက် ယူကလိုက်တပ်(Eucalyptus) တောထဲကို လမ်းလျှောက်ထွက်ချိန်အတွင်း ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြာင်း၊ မြန်မာ နိုင်ငံသားအလုပ်သမားများသည် ၎င်းတို့သူငယ်ချင်းဖြစ်သူ ပျောက်ဆုံးပြီးနောက် Eucalyptus တောထဲတွင် ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ရကြောင်း၊ ဧပြီ ၂၉ ရက်နေ့တွင် လူမူကူညီရေးအဖွဲ့များနှင့်ပူးပေါင်းပြီး တောထဲ ထပ်မံရှာဖွေခဲ့ချိန်တွင် ဦးခေါင်းမပါသော ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းမျိုးဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ချွန်ဘူရီပြည်နယ်ရှိ လူမူကူညီရေးအဖွဲ့ဖြစ်သော Payak Burapha Club ၏ဥက္ကဋ္ဌ ဖာရက်ဘူရာဖာကလည်း မြန်မာ နိုင်ငံသားတစ်ဦး ၁၀ ရက်ကြာပျောက်ဆုံးနေသည့် သတင်းပေးပို့ချက်ကို လက်ခံရရှိခဲ့ပြီးနောက် ကူညီပေးနိုင်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ဒရုန်းများအသုံးပြုပြီး ပျောက်ဆုံးနေသူ၏ သူငယ်ချင်း၊ မိသားစုဝင်များနှင့်အတူ တောထဲတွင် ထပ်မံရှာဖွေခဲ့ရာ ဧပြီ ၂၉ ရက်နေ့ နံနက် ၁၁ နာရီတွင် ဦးခေါင်းမပါသော ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့ခြင်းမျိုးဖြစ်ကြောင်း ပြောသည်။

ဦးခေါင်းမပါသော ရုပ်အလောင်းကအသက် ၃၆ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား Mr. Lamotu ဆိုသူဖြစ်ဖွယ်ရှိနေပြီး ပျောက်ဆုံးနေသည့် ဦးခေါင်းကို ထပ်မံရှာဖွေသွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ထိုင်းရဲတပ်ဖွဲ့က ဦးခေါင်းမပါသော ရုပ်အလောင်းကို မည်သူမည်ဝါဖြစ်ကြောင်း အတိအကျသိရှိနိုင်ရန်အတွက် မှုခင်းဌာနဆေးရုံသို့ ပို့ဆောင်ကာ ဓာတ်ခွဲစမ်းသပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့သည် တောထဲတွင် ခေါင်းပြတ်သေဆုံးနေသော ရုပ်အလောင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ဦးလက်ချက်ကြောင့် သေဆုံးခြင်းမျိုး ဟုတ်မဟုတ်ကိုမူ သတင်းထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။

REF komchadluek

Leave a Reply

Your email address will not be published. Required fields are marked *

Related News