၃၀. ၄. ၂၀၂၄
Written by Ye Kyaw

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးပါသည့် မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတား ယနေ့တွင် ပြန်လည်ဖွင့်ခဲ့ပြီး ကုန်ကားများစတင်သွားလာနေပြီဖြစ်သော်လည်း တိုက်ပွဲများကြောင့် ပျက်စီးမှုများရှိနေ၍ အွန်လိုင်းစနစ်ဖြင့် မဆောင်ရွက်နိုင်ဘဲ Manual စနစ်ဖြင့်သာ ဆောင်ရွက်နေကြောင်း မြဝတီနယ်စပ်ရှိ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များထံမှ သိရသည်။

“သူက ဖွင့်ထားတာပဲ အပျက်အစီးတွေကြောင့် အလုပ်မလုပ်နိုင်သေးတာပေါ့။ ဒီနေ့တော့ ကုန်ကားတွေစပြီးသွားတယ်။ အဲဒီတော့ ပို့ကုန်သွင်းကုန်တွေတော့ အဆင်ပြေလာတော့မှာပါ။ ကုန်စည်တွေ Duty ဖြတ်တာတွေ၊ ဘာတွေအတွက်တော့ လောလောဆယ် Manual စနစ်နဲ့ပဲ သွားလို့ရသေးတယ်” ဟု မြဝတီမြို့ရှိသွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

KNU၊ KNLA၊ KNDO နှင့် PDF ပူးပေါင်းအဖွဲ့များက မြဝတီမြို့စောင့်တပ် ခလရ (၂၇၅) တို့အကြား ဧပြီ ၁၀ ရက်မှစတင်၍ တိုက်ပွဲများဖြစ်ခဲ့ပြီး ဧပြီ ၁၉ ရက် ည ၇ နာရီကျော်အချိန်မှစ၍ မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် (၂) တံတားအနီး ဆုတ်ခွာသွားခဲ့သည့် ခလရ (၂၇၅) မှ လုံခြုံရေးတပ်ဖွဲဝင်များကို ဒရုန်းဖြင့် Drop Bomb ပစ်ချခြင်းနှင့် လက်နက်ကြီးများဖြင့် စတင်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် ဧပြီ ၂၁ ရက်တွင် အမှတ် (၁) နှင့် အမှတ် (၂) တံတားနှစ်ခုလုံးကို ယာယီပိတ်ခဲ့ရခြင်းဖြစ်သည်။

တပ်မတော်က လေကြောင်းပစ်ကူများရယူကာ တန်ပြန်တိုက်ခိုက်မှုကြောင့် ဧပြီလ ၂၃ ရက်တွင် မြဝတီမြို့အား ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ဧပြီလ ၂၇ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး အမှတ် (၂) ချစ်ကြည်ရေးတံတားကို ယနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *