၃၀. ၄. ၂၀၂၄
Written by Nyein Kyaw

မေလ ၁ ရက်တွင် ကျင်းပမည့် ၆၂ ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေသိန်းဆုထီ လက်မှတ်‌ရောင်းရ‌ငွေ ကျပ် ၅ ဒသမ ၅ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်လ ၆၁ ကြိမ်မြောက် ထီလက်မှတ်ရောင်းရငွေပမာဏအတိုင်း ထပ်တူရရှိခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

မေလ ၁ ရက်တွင် ကျင်းပမည့် ၆၂ ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေသိန်းဆု ထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ဈ” အက္ခရာအထိ စုစုပေါင်း အက္ခရာ ၉ လုံးအပေါ်မှ ၇၅ ရာခိုင်နှုန်း ခွဲဝေရောင်းချရာတွင် ထီစာအုပ် ၅၅၂၂၇၆ အုပ်အား ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

ထီလက်မှတ်များ ရောင်းရငွေ ကျပ် ၅၅၂၂ ဒသမ ၇၆၀ သန်း (၅ ဒသမ ၅ ဘီလျံကျော်) ဖြစ်သဖြင့် ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်း ၃၈၆၅ ဒသမ ၉၃၂ (ကျပ် ၃ ဒသမ ၈ ဘီလျံကျော်) ဖြစ်ကြောင်းနှင့် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ မှ ကျပ်ဆယ်သိန်း လေးဆု၊ ကျပ်သုံးသိန်း ၂၀ ဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆု၊ ကျပ်တစ်သိန်း ၂,၀၀၀ ဆု ချီးမြှင့်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်တွင် ကျင်းပခဲ့သည့် အကြိမ် ၆၁ မြောက် အောင်ဘာဆုထီလက် ရောင်းရငွေမှာလည်း “က” အက္ခရာမှ အစဉ်လိုက် “ဈ” အက္ခရာအထိ စုစုပေါင်း အက္ခရာ ၉ လုံးအထိ ရောင်းချခဲ့ရ၍ ထီလက်မှတ်များ ရောင်းရငွေ ကျပ် ၅၅၂၂ ဒသမ ၇၆၀ သန်း (၅ ဒသမ ၅ ဘီလျံကျော်)ရရှိခဲ့ခြင်းဖြစ်၍ နှစ်လဆက်တိုက် ထီရောင်းရ‌ငွေပမာဏတူညီခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၆၁ ကြိမ်မြောက်နှင့် ၆၂ ကြိမ်မြောက် ထီလက်မှတ်ရောင်းရငွေသည် ပြီးခဲ့သည့် မတ်လ ၁ ရက်တွင် ကျင်းပခဲ့သည့် အကြိမ် ၆၀ မြောက် ထီလက်မှတ်ရောင်းရငွေထက် ကျပ်သန်း ၆၁၀ ပိုမိုရရှိခဲ့ခြင်းလည်းဖြစ်သည်။

မေလ ၁ ရက်တွင် ကျင်းပမည့် အကြိမ် ၆၂ မြောက် အောင်ဘာလေဆုများအနေဖြင့် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆု၊ ကျပ်သိန်းတစ်ထောင် တစ်ဆု၊ ကျပ်သိန်းငါးရာ လေးဆု၊ ကျပ်သိန်းနှစ်ရာ ငါးဆု၊ ကျပ်သိန်းတစ်ရာ ကိုးဆု၊ ကျပ်သိန်းငါးဆယ် ၁၂ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၆ ဆု၊ ကျပ်ဆယ်သိန်း ၁၄ ဆုများအပြင် ဝေဝေဆာဆာပဒေသာဆုအနေဖြင့် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၅,၀၀၀ ဆု၊ ကျပ်ငါးသောင်း ၂၀,၀၀၀ ဆု၊ ကျပ်တစ်သောင်း ၁၀၀,၀၀၀ ဆု ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

၆၂ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီဆုဖွင့်ပွဲကို ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက် နံနက် ၈ နာရီအချိန်တွင် လည်းကောင်း၊ အောင်ဘာလေ အွန်လိုင်းသိန်းဆုထီဖွင့်ပွဲကို နံနက် ၁၀ နာရီတွင်လည်းကောင်း ရန်ကုန်မြိုရှိ အောင်ဘာလေသိန်းဆုဌာနခွဲတွင် ကျင်းပသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *