၂၉.၄.၂၀၂၄
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ရွာငံ-မန္တလေးလမ်းပိုင်း၊ ကီလိုမီတာ​အမှတ် ၄၆ ဒသမ ၅ အနီး ဒေသအခေါ် ကြေးတွင်းကွေ့တွင် ဧပြီလ ၂၉ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်က ဘုရားဖူးကားတစ်စီး အရှိန်လွန်ကာ ချောက်ထဲကျရာမှ သက်တော် ၆၀ ခန့် ကျောင်းထိုင် ဆရာတော် တစ်ပါး ပျံလွန်တော်မူခဲ့ပြီး လိုက်ပါလာသူ ၂၈ ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ဖြစ်စဥ်မှာ Light Truck အမျိုးအစား ဘုရားဖူးယာဥ်ပေါ်တွင် သံဃာတော် ၂၅ ပါး၊ အမျိုးသား ၄ ဦး စုစုပေါင်း ၂၉ ဦးက မကွေးတိုင်း အောင်လံမြို့ဘက်မှ ရှမ်းပြည်နယ် ကလော၊ ရွာငံဘက်သို့ ဘုရားဖူးထွက်ခဲ့ခြင်းဖြစ်ရာ လမ်းခုလတ်တွင် ပေ ၁၀၀၀ ခန့်နက်သော ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

“ကားက အပေါ်ကနေလိမ့်ပြီး အောက်ကိုကျသွားတော့ ကိုရင်တွေရော လူတွေရောလွင့်ပြီး ဘေးတွေမှာ လွင့်ကျခဲ့တာ။ ကားနဲ့အတူ အောက်ကို ယာဥ်မောင်းတစ်ယောက်ပဲပါသွားတယ်။ ပေါင်ကျိုးတဲ့သူ၊ လက်ကျိုးတဲ့သူ၊ ဦးခေါင်းထိခိုက်ဒဏ်ရာရတဲ့သူတွေနဲ့ ကျန်တာတွေကတော့ ပွန်းပဲ့ဒဏ်ရာရသူတွေပါ။ အသက်အန္တရာယ်တော့ စိုရိမ်စရာမရှိပါဘူး”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-ရွာငံမြို့နယ်မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရသူ ၂၈ ဦးမှာ အသက် ၁၀ နှစ်ဝန်းကျင်မှ အသက် ၃၅ နှစ်ကြားရှိပြီး ရဟန်း ၁ ပါး၊ ကိုရင် ၄ ပါးနှင့် လူ ၁ ဦးတို့မှာ ဒဏ်ရာပြင်းထန်သဖြင့် မန္တလေး​ပြည်သူ့ ဆေးရုံကြီးသို့ အရေးပေါ်လူနာတင်ယာဉ် သုံးစီးဖြင့် ကူညီပို့ဆောင်ပေးခဲ့ပြီး ပျံလွန်​တော်မူခဲ့သော ကျောင်းထိုင်ဆရာ​တော်နှင့်ကျန်ဒဏ်ရာရရှိသူများကို ရွာငံမြို့နယ် ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ကူညီကယ်ဆယ်ရေးသွားရောက် ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-ရွာငံမြို့နယ်ထံမှ သိရသည်။

အဆိုပါ ဘုရားဖူးကားချောက်ထဲကျမှုကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-ရွာငံမြို့နယ်၊ ရွာငံမြို့နယ် မီးသတ်တပ်ဖွဲ့၊ ဟိတသုခ လူမှုကူညီရေးအသင်း၊ မေတ္တာရေစင် လူမှုကူညီရေးအသင်း၊ မေတ္တာမီးအိမ်ရှင် လူမှုကယ်ဆယ်ရေးအဖွဲ့၊ ပါရမီ လူမှုကယ်ဆယ်ရေး အသင်း နှင့်ဒေသခံများ၊ ခရီးသွားပြည်သူများက ကူညီခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *