၂၉. ၄. ၂၀၂၄
Written by Thettant

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၉၇ ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water)များ ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ ဧပြီလ ၂၆ ရက် ည ၆ နာရီ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မိုင်းပျဉ်းမြို့ဘက်မှ ကာလိမြို့ဘက်သို့ စိုင်းထွန်းလှ မောင်းနှင်ပြီး အိုက်ရီ လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး(Happy Water)အလေးချိန် ၁၂ ဒသမ ၇ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁ ဒသမ ၃၉၇ ဘီလျံ)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းထွန်းလှ(၂၆)နှစ် နှင့် အိုက်ရီ(၄၈)နှစ်တို့အား ကာလိနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သိရသည်။

Happy Water သည် ကန့်သတ်ထိန်းချုပ်မူးယစ်ဆေးဝါး Ketamine၊ Ecstasy ICE (Methamphetamine) နှင့် ကော်ဖီ၊ ဒိုင်ယာဇီပင်၊ Tramadol အမှုန်များ ရောမွှေထားသော မူးယစ်ဆေးဝါးပုံစံသစ်ဖြစ်ပြီး အများအပြားသောက်မိပါက သေဆုံးနိုင်သည့် အန္တရာယ်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *