MT News
၂၉. ၄. ၂၀၂၄

ယနေ့ မြန်မာစံတော်ချိန် ၃ နာရီခွဲအချိန် တိုင်းထွာချက်များအရ မေလ ၃ ရက်နေ့မှ ၅ ရက်နေ့အတွင်း အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်မည်ဖြစ် ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လက်ရှိ ဘင်္ဂလားပင်လယ်အော်တွင် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေသည်။

မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်အရ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်သည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။

ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းသော ဒေသများတွင် လေပြင်းတိုက်ခတ်ခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ရန် အကြံပြုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *