၂၉. ၄. ၂၀၂၄
Written by Shwe Phyo

အသက် ၆၀ အရွယ်ရှိနေတဲ့ အမျိုးသမီးတစ်ဦးက အလှမယ်သရဖူ ရယူနိုင်မယ်လို့ မျှော်လင့်မထားပေမယ့် အာဂျင်တီးနားနိုင်ငံက အသက် ၆၀ အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးကတော့ မကြာသေးမီကကျင်းပခဲ့တဲ့ အလှမယ်ရွေးချယ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ငယ်ရွယ်သူတွေကိုကျော်ဖြတ်ပြီး သရဖူကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။

အလီဂျန်ဒရာရိုဒရီဂွက်ဇ်အမည်ရှိ အမျိုးသမီးကြီးဟာ ရှေ့နေတစ်ဦးဖြစ်သလို ဂျာနယ်လစ်သတင်းထောက်အလုပ်ကိုလည်းလုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး အာဂျင်တီးနားနိုင်ငံဗျူနိုအေရိစ်အလှမယ်ရွေးပွဲမှာ(Miss Universe Buenos Aires )ပါဝင်ယှဉ်ပြိုင်ရင်း အသက် ၆၀ အရွယ်နဲ့ သရဖူဆုရရှိခဲ့တာ ဖြစ်ပါတယ်။ အလီဂျန်ဒရာ ရိုဒရီဂွက်ဇ်ဟာ အသက် ၆၀ ရှိနေပေမယ့် ငယ်ရွယ်နုပျိုတဲ့ ရုပ်ဆင်းသွင်ပြင်ကြောင့် ဗျူနိုအေရိစ်အလှမယ်ရွေးပွဲမှာ သရဖူဆောင်းခဲ့နိုင်ခဲ့တာ ဖြစ်ပါတယ်။

အလှမယ်ပြိုင်ပွဲတွေမှာ အရင်က အသက်အရွယ်ကန့်သတ်ချက်တွေရှိခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်မှာ အသက်အရွယ်ကန့်သတ်ချက်တွေကို ပယ်ဖျက်ခဲ့တဲ့အတွက် ရိုဒရီဂွက်ဇ်ဟာ ဗျူနိုအေရိစ်အလှမယ်ရွေးပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့တယ်လို့ အာဂျင်တီးနားအခြေစိုက်သတင်းတွေက ဖော်ပြထားပါတယ်။

အလှမယ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမယ့် အသက်အရွယ်ကန့်သတ်ချက်တွေကို ပယ်ဖျက်လိုက်ပြီးနောက် အလှမယ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိုသူအရေအတွက် ပိုမိုများပြားလာခဲ့တယ်လို့ သိရပါတယ်။ ယခင်က အလှမယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိတဲ့အသက်အရွယ်ကို ၁၈ နှစ်ကနေ ၂၈ နှစ်အတွင်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။

ရိုဒရီဂွက်ဇ်ဟာ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်အလှမယ်ရွေးပွဲကို ပါဝင်ယှဉ်ပြိုင်ချိန်အတွင်း ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပြီး အသက် ၁၈ နှစ်နဲ့ ၇၃ နှစ်အရွယ်ကြားရှိ အခြားပြိုင်ဘက် ၃၄ ဦးနဲ့အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပါတယ်။

“ကျွန်မဟာ ၂၀၂၄ ခုနှစ်အတွက် Miss Buenos Aires 2024 အလှမယ်သရဖူဆုရရှိခဲ့လို့ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ လှပမှုဆိုတာ အသက်အရွယ်နဲ့မဆိုင်ဘူးဆိုတဲ့အချက်ကို ကျွန်မဟာ အမျိုးသမီးအားလုံးကို ပြသချင်ခဲ့ပါတယ်။ ကျွန်မဟာ စင်မြင်ထက်မှာ ကျွမ်းကျင်မှုပိုင်း ပိုမိုကောင်းမွန်စေဖို့၊ ယုံကြည်မှုပိုင်း ပိုမိုကောင်းမွန်စေဖို့၊ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာအခြေနေတွေကိုလေ့ကျင့်ခဲ့တယ်။ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှုဟာ အကန့်အသတ်မရှိဘူးဆိုတာ ပြသဖို့ ဆန္ဒရှိလည်းရှိနေခဲ့တယ်။” လို့ သူမက ပြောပါတယ်။

ရိုဒရီဂွက်ဇ်ကို မသိတဲ့သူတွေက လူမူကွန်ရက်မှာ ဓာတ်ပုံတွေတင်ချိန် အသက် ၆၀ အရွယ်လို့မထင်ဘဲ အသက် ၄၀ ဝန်းကျင်သာ ထင်မှတ်ပြောဆိုတာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

အာဂျင်တီးနားအလှမယ်ပြိုင်ပွဲ Miss Argentina ကို လာမဲ့ မေလ ၂၅ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်လို့ ရိုဒရီဂွက်ဇ်ဟာ အာဂျင်တီးနားနိုင်ငံတဝှမ်းက အလှမယ်တွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

အဲလီဂျန်ဒရာ ရိုဒရီဂွက်ဇ်က” ကျွန်မဟာ ၂၀၂၄ ခုနှစ် အာဂျင်တီးနိုင်ငံအလှမယ် သရဖူဆုကို ရယူနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ကျွန်မတို့မျိုးဆက်ရှိအမျိုးသမီးတွေ ကိုယ်စားပြုပြီး ဒိုင်လူကြီးတွေကို ယုံကြည်မှုတွေပြသသွားမယ်” လို့ ပြောပါတယ်။

REF Hindutimes

Leave a Reply

Your email address will not be published. Required fields are marked *