၂၉.၄.၂၀၂၄
Translated by Htwe Ko Tun

အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(UAE) ၏ လူဦးရေအများဆုံး ဒူဘိုင်းမြို့တွင် ဒေါ်လာ ၃၅ ဘီလျံအကုန်အကျခံ၍ ကမ္ဘာ့အကြီးဆုံးလေဆိပ်တစ်ခုကို လာမည့် ၁၀ နှစ်အတွင်းတည်ဆောက်သွားမည်ဟု ယူအေအီးနိုင်ငံ၏ အကြီးအကဲရှိတ်မိုဟာမက် ဘင်ရာရှစ်က ပြောကြားခဲ့သည်။

၎င်းက ဒူဘိုင်း၏လက်ရှိ အယ်လ်မတ်တွမ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တစ်နှစ်လျှင် ခရီးသည် သန်း ၂၆၀ ဝင်ထွက်သွားလာနိုင်မည့်လေဆိပ်အဖြစ်သို့ အဆင့်မြှင့်သွားမည်ဖြစ်ကြောင်း၊ လေဆိပ်တွင် လေယာဉ်များဆိုက်ကပ်ရန် ဂိတ်ဝ ၄၀၀ နှင့် ပြေးလမ်းကြောင်း ငါးခုတို့ပါဝင်မည်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။ အဆိုပါချဲ့ထွင်မည့်လေဆိပ်က လက်ရှိတွင် လေကြောင်းအသွားအချက်အခြာတစ်ခုဖြစ်သော လေဆိပ်ထက် ငါးဆခန့် ပို၍ကြီးမည်ဟု သိရသည်။

၂၀၂၃ ခုနှစ်တွင် ကမ္ဘာပေါ်၌ အသွားအလာအများဆုံးဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်မှ Hartfield-Jackson Atlanta အပြည်ပြည်ဆိုင်ရာလေဆိပ်က ခရီးသည် ၁၀၄ ဒသမ ၆ သန်း အဝင်အထွက်ရှိခဲ့ပြီး ဒူဘိုင်း၏ ဒုတိယမြောက်လေဆိပ်တစ်ခုဖြစ်သော ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်က ခရီးသည် ၈၇ သန်း အဝင်အထွက် ရှိခဲ့သည်။ ဒူဘိုင်းမြို့၌ အယ်လ်မတ်တွမ် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ဟူ၍ အဓိက အပြည်ပြည်ဆိုင်ရာ လေဆိပ်နှစ်ခု ရှိသည်။

ရှိတ်မိုဟာမက် ဘင်ရာရှစ်က တည်ဆောက်မှုကာလကို ဆယ်နှစ်သတ်မှတ်ကာ ဒေါ်လာ ၃၅ ဘီလျံ ကုန်ကျမည်ဟုဆိုခဲ့သည်။ လေဆိပ်ပတ်ဝန်းကျင်တွင် လူတစ်သန်းခန့်နေထိုင်ရန် အိမ်ရာများတည်ဆောက်ပေးသွားရေး မျှော်လင့်ကြောင်းလည်း ၎င်းကပြောခဲ့သည်။

Ref-MSN

Leave a Reply

Your email address will not be published. Required fields are marked *