◼️ နိုင်ငံခြားရေးဝန်ကြီးက ပူးတွဲတာဝန်ယူထားသော ဒုတိယဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံရ၍ နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှပါ နုတ်ထွက်၊ နိုင်ငံခြားရေးဝန်ကြီးအသစ် ရွေးချယ်ပြီးဟု ဝန်ကြီးချုပ်ကြေညာ

၂၉.၄.၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံဝန်ကြီးချုပ် ဆရက်သာက အစိုးရအဖွဲ့ အပြောင်းအလဲများပြုလုပ်ခဲ့ရာ ဝန်ကြီးနှင့် ဒုတိယဝန်ကြီးလေးဦးကို ရာထူးမှရပ်ဆိုင်းပြီး အစိုးရအဖွဲ့ဝင်အသစ်များအဖြစ် ခြောက်ဦးကို ထပ်မံခန့်အပ်ကြောင်း ဧပြီ ၂၈ ရက်က ကြေညာခဲ့သည်။

၎င်း၏ အပြောင်းအလဲဆုံးဖြတ်ချက်များကို မကျေနပ်၍ ဧပြီ ၂၈ ရက်တွင် နုတ်ထွက်စာတင်သွင်းခဲ့သော နိုင်ငံခြားရေးဝန်ကြီး ပန်ပရိနေရာတွင် အစားထိုးတာဝန်ပေးရန် ပုဂ္ဂိုလ်ကိုအမည်ထုတ်ဖော်မပြောသော်လည်း ရွေးချယ်ပြီးကြောင်း ဝန်ကြီးချုပ် ဆရက်သာက ဧပြီ ၂၉ ရက်တွင် ပြောခဲ့သည်။

အပြောင်းအလဲများတွင် ခန့်မှန်းထားကြသည့်အတိုင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနဝန်ကြီး ချိုလ်နန်ဆရီကောကို လက်ရှိ ရာထူးမှ ဖယ်ရှားခဲ့သည်။ ချိုလ်နန်အပြင် ဝန်ကြီးချုပ်ရုံးဝန်ကြီး ပူကန်ပက် ချွန်လာအေ့ဒ်၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ချေရာ ပရွန်မာနှင့် အနူချာ နာကာဆေးတို့ကိုလည်း တာဝန်မှ ရပ်ဆိုင်းခဲ့သည်။

ထို့အတူ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတာဝန်တို့ကို ပူးတွဲထမ်းဆောင်နေသော ပန်ပရိ ဘာဟစ်ဒါ နျူကာရာ ကိုမူ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆက်လက်တာဝန်ပေးထားသော်လည်း ဒုတိယဝန်ကြီးချုပ် တာဝန်မှမူ ရပ်ဆိုင်းခဲ့သည်။

ပန်ပရိမှာ ဝန်ကြီးချုပ် ဆရက်သာက အစိုးရအဖွဲ့၏အထူးကော်မတီများတွင် ဦးဆောင်ရန်တာဝန်ပေးခြင်းခံခဲ့ရသူဖြစ်သည်။ ဧပြီလ ၂၃ ရက်ကပင် ပန်ပရိအား မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှုအခြေအနေများနှင့်ပတ်သက်၍ တာဝန်ခံဆောင်ရွက်ရမည့် အစိုးရအဖွဲ့ကော်မတီတစ်ရပ်ကိုဦးဆောင်ရန် တာဝန်ပေးခြင်းခံခဲ့ရသည်။

သို့သော် ၎င်းအား ဒုတိယဝန်ကြီးချုပ်ရာထူးမှဖယ်ရှားကြောင်း အစိုးရအဖွဲ့အမိန့်စာထွက်လာခဲ့ပြီးသည့်နောက် ဧပြီ ၂၈ ရက်မှာပင် ပန်ကရိက ၎င်းအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှလည်းနုတ်ထွက်ကြောင်း ဝန်ကြီးချုပ် ဆရက်သာထံ နုတ်ထွက် စာပေးပို့ခဲ့သည်ဟု ကြေညာခဲ့သည်။ ပန်ကရိက ၎င်းအား ဒုတိယဝန်ကြီးချုပ်အဖြစ်မှ ဖယ်ရှားခံရခြင်းက ၎င်း၏တာဝန်ထမ်းဆောင်မှုတွင် အောင်မြင်မှုမရရှိခြင်းများကြောင့် မဖြစ်နိုင်ဟုယုံကြည်ကြောင်းလည်း ပြောခဲ့သည်။ ၎င်းက ရိုးသားမှုနှင့် ဖြောင့်မတ်တည်‌ကြည်မှုတို့ဖြင့် တာဝန်ထမ်းဆောင်ခဲ့ရာ ထိုင်းနိုင်ငံသို့ ပြည်ပရင်းနှီးမြုပ်နှံသူများ ပို၍ပင်များလာခဲ့ကြောင်း ပန်ကရိက ပြောခဲ့သည်။

အစိုးရအဖွဲ့ဝင်အသစ်များအဖြစ် ထပ်မံတာဝန်ပေးခံရသူ ခြောက်ဦးတွင်လည်း လေးဦးက အာဏာရ ဖျူထိုင်းပါတီမှ ဖြစ်ကြောင်း သိရသည်။

Ref- Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *