◾ Manual စနစ်ဖြင့် Duty ပေးဆောင်ခြင်းကိုလည်း ပို့ကုန်အတွက်သာ ခွင့်ပြုနိုင်ခဲ့၍ သွင်းကုန်လုပ်ငန်းများ ရပ်ဆိုင်းနေ

၂၉. ၄. ၂၀၂၄
Written by Ye Kyaw

မြဝတီ-မဲ‌ဆောက် ချစ်ကြည်ရေးအမှတ် (၁)တံတားအား ဧပြီလ ၂၇ ရက်တွင် ပြန်ဖွင့်နိုင်ခဲ့သော်လည်း အဓိကကုန်သွယ်မှု ပြုလုပ်သော အမှတ်(၂) တံတား မဖွင့်လှစ်နိုင်ခြင်းကြောင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှု ခရီးသည်ကားများဖြင့်သာ တစ်နိုင်တစ်ပိုင်ဆောင်ရွက်နေရကြောင်း မြဝတီနယ်စပ် ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်များထံမှ သိရသည်။

“အမှတ် (၁) တံတားကဖွင့်တာက လူအဝင်အထွက်ပဲသွားတာ။ ကုန်သွယ်တာက အမှတ် (၁) လမ်းကြောင်းက ဝင်လို့မရဘူး။ ဒီဘက်ကလည်း အခုထိရပ်ထားတုန်းပဲ။ ပြည်တွင်းက နည်းနည်းပါးပါး သွားတဲ့ပမာဏလေးတွေက ကားနဲ့သွားကြတာပေါ့။ ခရီးသည်ကားလေးနဲ့ တင်လို့ရတဲ့ပမာဏလောက်ပဲ လုပ်လို့ရတာပေါ့” ဟု မြဝတီနယ်စပ်ရှိ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မြဝတီမြို့ကို တပ်မတော်မှ ထိန်းသိမ်းထားနိုင်ပြီဖြစ်သော်လည်း ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိတော့သဖြင့် Manual စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် ဆွေးနွေးညှိနှိုင်းများ ‌ဆောင်ရွက်ခဲ့သော်လည်း ပို့ကုန်လုပ်ငန်းအတွက် ညှိနှိုင်းမှု အ‌ဆင်ပြေခဲ့ပြီး သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“Manual နဲ့ လုပ်ဖို့ကိုက ပို့ကုန်ကိုတော့ပေးတယ်။ သွင်းကုန်မပေးဘူးဆိုတော့ ပို့ကုန်ကလည်း သွားတာအရမ်းနည်းနေသေးတယ်။ သွင်းကုန်အတွက်တော့ မရသေးဘူး” ဟု ၎င်းက ပြောသည်။

KNU၊ KNLA၊ KNDO နှင့် PDF ပူးပေါင်းအဖွဲ့များက မြဝတီမြို့စောင့်တပ် ခလရ (၂၇၅) အား သိမ်းပိုက်နိုင်ခဲ့ကြောင်း ဧပြီလ ၁၁ ရက်တွင် KNU မှ ထုတ်ပြန်ခဲ့ပြီး ဧပြီ ၁၉ ရက် ည ၇ နာရီကျော်အချိန်မှစ၍ မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် (၂) တံတားအနီး ဆုတ်ခွာသွားခဲ့သည့် ခလရ (၂၇၅)မှ လုံခြုံရေးတပ်ဖွဲဝင်များကို ဒရုန်းဖြင့် Drop Bomb ပစ်ချခြင်းနှင့် လက်နက်ကြီးများဖြင့် စတင်တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ ပုံမှန်လမ်းကြောင်း အသုံးပြု၍မရဘဲ တောလမ်းကိုသာ အသုံးပြုဆောင်ရွက်နေရသည့် မြဝတီနယ်စပ်ကုန်သွယ်ရေး အားလုံးရပ်တန့်ခဲ့ရသည့်အပြင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများလည်း ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်က လေကြောင်းပစ်ကူများရယူကာ တန်ပြန်တိုက်ခိုက်မှုကြောင့် ဧပြီ ၂၀ ရက် ညနေပိုင်းတွင် KNU၊ KNLA၊ KNDO နှင့် PDF ပူးပေါင်းအဖွဲ့များ အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားရပြီး ဧပြီလ ၂၃ ရက်တွင် မြဝတီမြို့အား ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ဧပြီလ ၂၇ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး လက်ရှိတွင် အမှတ် (၂) ချစ်ကြည်ရေးတံတားကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *