၂၉. ၄ .၂၀၂၄
Written by Hey Mar

အသက် ၂၃ နှစ်အရွယ် မိန်းမငယ်တစ်ဦး ဆွဲကြိုးချ အဆုံးစီရင်ခဲ့တဲ့ဖြစ်စဥ် သန်းခေါင်ကျော်ပြီးစ ဧပြီ ၂၉ ရက် မနက် ၁ နာရီအချိန့်က ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ နတ်စင်ကုန်းမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

အဆိုပါ မိန်းမငယ် ဘာကြောင့် အခုလိုကြံစည်ခဲ့တယ်ဆိုတဲ့ ဖြစ်စဥ်ကိုတော့ မိသားစုအရေးကိစ္စမို့ သေချာမသိရှိရပေမယ့် နေအိမ် နှစ်ထပ်တိုက်အဆောက်အဦတစ်ခုလုံးမှာ သားအမိနှစ်ဦးတည်း ကျန်ရှိနေပြီး သေကြောင်းကြံစည်သူရဲ့ ခင်ပွန်းဖြစ်သူက ညဘက် အလုပ်ဆင်းဖို့ နေအိမ်ကနေထွက်ခွာသွားတယ်လို့လည်း သိရပါတယ်။

လောကအလင်း လူမှုကူညီကယ်ဆယ်ရေးက “ကျွန်တော်တို့ရောက်တော့ လူတွေက ဝိုင်းအုံနေပြီ။ အမေလုပ်သူက သမီးဖြစ်သူကို အောက်ကနေ ပွေ့ထားတယ်။ လူတွေအကူအညီလာတော့ ကြိုးကိုဖြုတ်ပြီး အောက်ချထားကြတယ်ပေါ့။ အမေက ပွေ့လျှက်သားနဲ့ပဲ။ အသင်းကရောက်လာပေမယ့် အသက်မမှီပါဘူး။ လည်ပင်းအရိုးရှည်ထွက် သေဆုံးနေပြီ” လို့ MT News ကို ပြောပါတယ်။

ရုပ်အလောင်းကို လောကအလင်း လူမှုကူညီကယ်ဆယ်ရေးယာဥ်နဲ့ သန်လျင်ဆေးရုံ ရင်ခွဲရုံကိုကူညီ ပို့ဆောင်ပေးခဲ့ပြီး ဒီနေ့မနက်မှာ အလောင်းကို ရင်ခွဲစစ်ဆေးခဲ့ကာ ညနေပိုင်း အမိုးနီသုဿန်မှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့ကလည်း ရန်ကုန်မြို့ ရန်ကင်းမြို့နယ်မှာ အသက် ၃၀ ဝန်းကျင် အရွယ်ကောင်းအမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် ဆွဲကြိုးချ အဆုံးစီရင်ခဲ့တဲ့ ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။ MT News က စုံစမ်းသိရတဲ့ ဖြစ်စဥ်တွေအရ ဒီလထဲမှာပဲ မကွေးမြို့မှာ ၂၅ ရက်နေ့က အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးခဲ့သလို ၂၆ ရက်နေ့က မွန်နယ်သထုံမြို့မှာ အသက် ၈၃ နှစ်အရွယ် အဘွားတစ်ဦး ဆွဲကြိုးချသေဆုံးခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *