၂၈. ၄. ၂၀၂၄
Written by Thettant

နေပူပြင်းချိန် ရေဆင်းကူးရာမှ အမျိုးသမီးငယ်တစ်ဦးနှင့် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှု အရှေ့ဒဂုံမြို့နယ် ရွာသာကြီးရပ်ကွက်တွင် ယနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ မတ်လ ၂၈ ရက် နေ့လယ် ၃ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ ကုန်ထုတ်လမ်းအနီးရှိ ရေကန်တွင် လူငယ်နှစ်ဦး ရေနစ်နေကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ နယ်မြေခံလူမှုကူညီ အသင်းအဖွဲ့များနှင့်အတူ Yangon Rescue Diver Team တို့မှ ရေပြင်ရှာဖွေရေးများ၊ ရေငုပ်ရှာဖွေရေးများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကောင်လေးက ၁၄ နှစ်သားလို့ပြောတယ်။ ကောင်မလေးက ၁၈ နှစ်လောက်ပဲ။ သိရသလောက်က နေပူလို့ ရေဆင်းကူးရင်း ရေကလည်း များနေချိန်မှာ ရေနစ်သွားကြတာ။ အချိန်ကလည်း တစ်နာရီကျော်၊ နှစ်နာရီလောက်ခြားသွားတော့ ရုပ်အလောင်းပဲ ပြန်ရှာပေးနိုင်ခဲ့ပါတယ် ” ဟု ရုပ်အလောင်းကူညီရှာဖွေပေးခဲ့သည့် ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဥ်တွင် ၀ိုင်းဝန်းရှာဖွေမှု တစ်နာရီကျော်အချိန် ၄ နာရီ ၂၇ အချိန်တွင် အမျိုးသားငယ်တစ်ဦးအား သေဆုံးလျက်သား ဆယ်ယူနိုင်ခဲ့ပြီး မေတ္တာစွမ်းရည်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ပို့ဆောင်ပေးခဲ့ကာ ညနေ ၄ နာရီ ၄၁ မိနစ်အချိန်တွင် အမျိုးသမီးငယ်တစ်ဦးအား သေဆုံးလျက်သား ဆယ်ယူနိုင်ခဲ့ပြီး ရွာသာကြီးလူမှုကူညီရေးအသင်းယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

ပုံစာ။ ရေနစ်သေဆုံးသူများကို ရှာဖွေမှုမြင်ကွင်း (Photo – MFSD ၊ Arkar Phyo Kyaw)

Leave a Reply

Your email address will not be published. Required fields are marked *