၂၈. ၄. ၂၀၂၄
Written by Shwe Phyo

ထိုင်းရဲတပ်ဖွဲ့သည် ဧပြီ ၂၈ ရက် နံနက် ၂ နာရီကျော်တွင် ဘန်ကောက်မြို့ ဘန်ချန်အရပ်ဒေသရှိ ဘားဆိုင်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသားအများအပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုင်းကင်းလှည့်ရဲတပ်ဖွဲ့သည် ဘန်ကောက်မြို့သို့ ကင်းလှည့်ချိန်အတွင်း ဘားဆိုင်တစ်ခုကို တရားမဝင်ဖွင့်လှစ်ထားသည်ဆိုသော တိုင်တန်းချက်ကိုလက်ခံရရှိခဲ့၍ အဆိုပါသတင်းကို ထိုင်းရဲတပ်ဖွဲ့ထံ ဆက်လက်တင်ပြခဲ့ပြီး ဘန်ချန်ရဲစခန်းနှင့် ပူးပေါင်းကာ စီးနင်းရှာဖွေခဲ့ခြင်းဖြစ်သည်။

ထိုသတင်းမှာ ဘန်ချန်အရပ်ဒေသတွင် အသက် ၂၀ အောက်မြန်မာနိုင်ငံသားသာ ဝင်ရောက်ခွင့်ပြုသည့် တရားမဝင် ဘားဆိုင်တစ်ခုဖွင့်လှစ်ထားသည်ဆိုသော တိုင်တန်းချက်ဖြစ်ပြီး ထိုသတင်းအရ ထိုင်းရဲမှူးချုပ် ဝိုရာဝစ် ယန်ချင်ဒါ ဦးဆောင်သော ထိုင်းရဲတပ်ဖွဲ့က ဧပြီ ၂၈ ရက် နံနက် ၂ နာရီကျော်တွင် စီးနင်းရှာဖွေမှုများလုပ်ဆောင်ခဲ့သည်။

အဆိုပါစီးနင်းချိန် ဘားဆိုင်အတွင်း အသက် ၂၀ အောက် မြန်မာနိုင်ငံသား ၆ ဦးအပြင် မြန်မာခရီးသွား ၁၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ အဆိုပါဘားဆိုင်တွင် လာရောက်သူအများစုက မြန်မာနိုင်ငံသားများဖြစ်ပြီး လာရောက်သောဧည့်သည်များအတွက် DJ ဖွင့်လှစ်ပေးခြင်းများနှင့် ကခုန်ခြင်းများကိုလည်း ခွင့်ပြုပေးထားကြောင်း သိရသည်။

ထိုင်းရဲမှူးချုပ်က စီးနင်းရှာဖွေချိန်အတွင်း တရားမဝင် ဖွင့်လှစ်ထားသည့် ဘားဆိုင်ပိုင်ရှင် သို့မဟုတ် ဆိုင်တာဝန်ခံကို မတွေ့ရှိခဲ့ကြောင်း၊ ဆိုင်အတွင်း ဧည့်သည့်အများအစုကိုသာတွေ့ရှိခဲ့ကြောင်း ပြောသည်။ ဆိုင်အတွင်းရောက်ရှိနေသည့် မြန်မာ နိုင်ငံသားဧည့်သည့်အား နိုင်ငံကူးလက်မှတ်ကို စုံစမ်းစစ်ဆေးခဲ့ချိန်အတွင်း တရားဝင်နိုင်ငံကူးလက်မှတ်များ မပါရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားတစ်ဦးကလည်း ၎င်းသည် ထိုင်းနိုင်ငံသို့ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်၊ အလုပ်လုပ်ကိုင်နေသူဖြစ်သည်ဟု ဝန်ခံပြောဆိုထားကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။

Ref, Thairath

Leave a Reply

Your email address will not be published. Required fields are marked *