၂၈.၄. ၂၀၂၄
Translated by Thettant

အမေရိကန်ဒေါ်လာ သန်း ၃၀ တန်ဖိုးရှိတဲ့ အမေရိကန်လေတပ်ရဲ့ MQ9 Reaper မောင်းသူမဲ့ဒရုန်းတစ်စီးကို ယီမင်နိုင်ငံမှာရှိတဲ့ ဟူသီသူပုန်တွေက သောကြာနေ့ (ဧပြီ ၂၆ ရက်) က ပစ်ချလိုက်ပါတယ်။

MQ9 Reaper တွေဟာ အမေရိကန်ဒေါ်လာ သန်း ၃၀ ကနေ ၃၂ သန်းကြား တန်ဖိုးရှိပြီး ဒီဒရုန်းတွေဟာ ကုန်သင်္ဘောတွေနဲ့ စစ်သင်္ဘောတွေကို ဟူသီသူပုန်တွေရဲ့တိုက်ခိုက်မှုစောင့်ကြည့်ဖို့ ယီမင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ပျံသန်းနေတာပါ။ အမေရိကန်တွေက MQ9 Reaper မောင်းသူမဲ့ဒရုန်းတွေကိုအလွန်အားထားပြီး ထောက်လှမ်းရေး၊ စောင့်ကြည့်ရေးနဲ့ ပြန်လည်ကူညီရေး၊ အနီးကပ်လေကြောင်းထောက်ပံ့ရေး၊ တိုက်ခိုက်ရေး ရှာဖွေရေးနဲ့ကယ်ဆယ်ရေး၊ တိကျတဲ့တိုက်ခိုက်မှုတွေအပြင် စစ်ကြောင်းမှူးတွေအတွက် တန်ဖိုးရှိတဲ့တာဝန်များစွာကို ထမ်းဆောင်နေတယ်လို့ ညွှန်းဆိုထားပေမဲ့ ဟူသီတွေကတော့ ၆ လအတွင်း MQ9 Reaper သုံးစင်းပစ်ချခဲ့တာပါ။

အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်တွေက အမေရိကန်ရဲ့ MQ9 Reaper တွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလထဲမှာတစ်စင်း၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလထဲမှာတစ်စင်းနဲ့ အခု ဧပြီ ၂၆ ရက်မှာတစ်စင်းထပ်မံပစ်ချခဲ့တာပါ။

အစ္စရေး – ဟားမတ်စ်စစ်ပွဲ စတင် ဖြစ်ပွားပြီးကတည်းက ဟူသီတွေဟာ ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့မှာ ကုန်သင်္ဘောတွေနဲ့ စစ်သင်္ဘော ၁၀၀ ကျော်ကို တိုက်ခိုက်ခြိမ်းခြောက်ခဲ့တာပါ။ ဟူသီတွေက သူတို့တိုက်ခိုက်မှုဟာ ဟားမတ်စ်ကိုတိုက်ခိုက်တဲ့ အစ္စရေးနဲ့ အစ္စရေးကို ထောက်ပံ့နေတဲ့ အမေရိကန်ကို ဆန့်ကျင်တာလို့ အခိုင်အမာပြောပေမဲ့ အမေရိကန်ကတော့ ဟူသီတို့ ပစ်မှတ်ထားတိုက်ခိုက်တဲ့ သင်္ဘောအများစုက အစ္စရေးနဲ့ ဆက်စပ်မှုမရှိဘူးလို့ ဝေဖန်ထောက်ပြထားတာပါ။

ဟူသီသူပုန်တွေဟာ တတိယမြောက် MQ9 Reaper ကို ပစ်မချခင်အချိန်အတွင်းမှာ ပင်လယ်နီအတွင်း ကုန်သွယ်ဖို့သွားလာနေတဲ့ ဗြိတိန်ရေနံတင်သင်္ဘော MV Andromeda Star ကိုလည်း ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အီရန်နဲ့ မဟာမိတ်တွေရဲ့ စစ်ဘက်ရေးရာပြောရေးဆိုခွင့်ရှိသူ Yahya Saree ပြောခဲ့ပါတယ်။ အမေရိကန်တို့ကတော့ MQ9 Reaper ယီမင်ကမ်းရိုးတန်းမှာ ပျက်ကျခဲ့တာကို ဝန်ခံထားသလို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေပေမဲ့ MV Andromeda Star သင်္ဘောကတော့ အသေးစားပျက်စီးမှုသာဖြစ်ခဲ့ပြီး ဆက်လက်ခုတ်မောင်းသွားလာနေတယ်လို့အမေရိကန်ဦးဆောင်တဲ့ ရေကြောင်းဆိုင်ရာစစ်ဘက်ညွန့်ပေါင်းအဖွဲ့က ပြောခဲ့ပါတယ်။

Ref, CBS News & Al Jazeera

ပုံစာ။ MQ9 Reaper များနှင့် ယခင်ပစ်ချခံထားရသော ပုံရိပ်များ (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *