၂၈. ၄. ၂၀၂၄
Translated by Thettant

ကမ္ဘောဒီးယားစစ်အခြေစိုက်စခန်းတစ်ခုမှာ လက်နက်ခဲယမ်းပေါက်ကွဲမှုဖြစ်ပွားလို့ အနည်းဆုံး စစ်သား ၂၀ သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တာကြောင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနတ်ကတော့ ဒီဖြစ်ရပ်ဆိုးအပေါ် တုန်လှုပ်မိကြောင်းပြောခဲ့သလို ကျဆုံးသွားသူတွေရဲ့ မိသားစုတွေကို စာနာဝမ်းနည်းမိကြောင်း၊ စျာပနာစရိတ်အကုန်အကျခံသွားမှာဖြစ်သလို ဒဏ်ရာသူတွေနဲ့သေဆုံးသူတွေကို လျော်ကြေးပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီဖြစ်ရပ်က မနေ့က စနေနေ့ ဧပြီ ၂၇ ရက် ညနေပိုင်းကကမ္ဘောဒီးယားနိုင်ငံအနောက်တောင်ပိုင်း ကမ်ပွန်စပူးပြည်နယ်၊ ပရေးဘန်းရွာက စစ်စခန်းတစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။ ဒီပေါက်ကွဲမှုဟာ ဘာကြောင့်ဖြစ်ပွားရတယ်ဆို မသိရသေးပေမဲ့ ခဲယမ်းတွေတင်ဆောင်လာတဲ့ထရပ်ကားက ပေါက်ကွဲခဲ့တာလို့ သတင်းတွေက ဖော်ပြခဲ့တာရှိသလို ကမ္ဘောဒီးယားစစ်ဘက်ကတော့ ခဲယမ်းသိုလှောင်တဲ့ဂိုထောင်ပေါက်ကွဲတာလို့ ဖော်ပြကြပါတယ်။ ပေါက်ကွဲမှုက အလွန်ပြင်းထန်ခဲ့သလို ဖြစ်ပွားတဲ့ဖြစ်စဥ်ဆိုင်ရာဓာတ်ပုံတွေမှာလည်း ပြင်းထန်စွာ မီးတောက်လောင်နေတဲ့အိမ်ပုံတွေ၊ အနည်းဆုံးအိမ်တစ်အိမ် ခေါင်မိုးပြိုကျတဲ့ဖြစ်စဥ်တွေနဲ့ ကုသမှုခံယူနေရတဲ့တပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်တွေကို ဖော်ပြခဲ့ပါတယ်။

ဒီဖြစ်စဥ်မှာ ကနဦး တပ်ဖွဲ့ဝင် ၂၀ သေဆုံးတယ်လို့ ဖော်ပြကြသလို သေဆုံးသူ ၂ ဦးထပ်တိုးပြီး ၂၂ ဦးသေဆုံးတယ်လို့လည်း BBC သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကလေးငယ်တွေအပါအဝင် လူအများအပြားဒဏ်ရာရပြီး အဆောက်အအုံလေးလုံး၊ သိုလှောင်ရုံသုံးလုံးနဲ့ လုပ်ငန်းခွင်တစ်ခု ပြိုကျပျက်စီးခဲ့တဲ့အပြင် ဒေသခံရွာက လူနေအိမ် ၂၅ လုံးလည်းပျက်စီးခဲ့တယ်လို့ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးမော်ဆိုဖန်ထံ အစီရင်ခံထားတာကို လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။

မြင့်မားတဲ့အပူချိန်အောက်မှာ လက်နက်ခဲယမ်းတွေပေါက်ကွဲမှုဖြစ်ပွားတတ်သလို ကမ္ဘောဒီးယားနိုင်ငံဟာ တာရှည်အပူလှိုင်းဖြတ်သန်းမှုဒဏ် ခံနေရပြီး လက်နက်ပေါက်ကွဲမှုဖြစ်ပွားတဲ့ရွာဟာ အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ် ရှိခဲ့တာပါ။ ဒီပေါက်ကွဲမှုဖြစ်စဥ်က စနေနေ့နေ့လယ် ၂ နာရီခွဲက စတင်ခဲ့ပြီးနောက်ထပ်လည်း တစ်နာရီကျော်ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဥ်ကိုမြင်တွေခဲ့တဲ့ ဒေသခံဖန်ကင်နင်းမ်ရဲ့ ပြောကြားမှုကို ကိုးကားပြီး အင်္ဂလိပ်လိုထုတ်ဝေတဲ့ကီရီပို့စ်သတင်းစာက ဖော်ပြခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်စဥ်မှာ ကနဦးသေဆုံးသူ ၂၀ ကိုတော့ ပေါက်ကွဲမှုဖြစ်ပွားရာ စစ်အခြေစိုက်စခန်းဖြစ်တဲ့ စစ်တိုင်းဌာနချုပ် (၃) အတွင်းမှာ ဒီမနက်က စျာပနာအခမ်းအနားပြုလုပ်ခဲ့တယ်လို့ Kiripost သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

Ref, First Post & AP & Kiripost
ပုံစာ။ စစ်အခြေစိုက်စခန်းပေါက်ကွဲမှုတွင် သေဆုံးသူများ၏ ယနေ့ စျာပနမြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *