သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက်များအဖြစ် ပညာရေးဝန်ထမ်းများက အဓိကပါဝင်မည်ဖြစ်ပြီး သင်တန်းများကို လာမည့် ဩဂုတ်၊ စက်တင်ဘာတွင် ဖွင့်လှစ်မည်

MT News
၂၈. ၄. ၂၀၂၄

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံတကာအကူအညီမပါရှိဘဲ မိမိနိုင်ငံအင်အားဖြင့်သာ ဆောင်ရွက်နေရ၍ အားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ တက်ညီလက်ညီလုပ်ဆောင်ပေးရန် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အောင်မြင်ရေးအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ပြည်လုံးကျွတ်အဆင့် ကောက်ယူမည်ဖြစ်ရာ အချိန်ကာလအားဖြင့် အလွန်နီးကပ်နေပြီ ဖြစ်သလို သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့် မူဝါဒများချမှတ်ရာတွင် အရေးကြီးသည့် လူမှုစီးပွားဆိုင်ရာအချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်ခြင်းကြောင့် အမျိုးသားတာဝန်တစ်ရပ် အနေဖြင့် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဦးမြင့်ကြိုင်က ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက်များအဖြစ် ပညာရေးဝန်ထမ်းများက အဓိကပါဝင်မည်ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူ (Volunteers) များ ပါဝင် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း သင်တန်းအဆင့်ဆင့်ကို လာမည့် ဩဂုတ်လနှင့် စက်တင်ဘာလတို့ တွင် ဖွင့်လှစ်သွားမည်ဖြစ်သဖြင့် စာရင်းကောက်ယူမည့် Mobile Tablet များအပါအဝင် လုပ်ငန်းအတွက် အသုံးပြုရန် လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများကို စာရင်းစစ်၊ စာရင်းကောက်များထံ အချိန်မီထုတ်ပေးနိုင်ရေးနှင့် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို ကြီးကြပ်မှုကော်မတီများအနေဖြင့် ကြိုတင်ပြင်ဆင်စီမံ ဆောင်ရွက်ထားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းလုပ်ငန်းနှင့်ပတ်သက်၍ စမ်းသပ်သန်းခေါင်စာရင်းမှ ရရှိလာသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များကို အခြေခံ၍ ကောက်ကွက်ဖွဲ့စည်းခြင်း၊ သန်းခေါင်စာရင်းမေးခွန်းပုံစံ ပြင်ဆင်အတည်ပြုခြင်း တို့ကို သတ်မှတ်အချိန်ဇယားအတိုင်း အချိန်မီပြီးစီးရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ပြီးဖြစ်ကြောင်း ဦးမြင့်ကြိုင်က ပြောသည်။

ထို့ပြင် CAPI စနစ် ပြင်ဆင်တည်ဆောက်ခြင်း၊ စာရင်းစစ်၊ စာရင်းကောက်လက်စွဲစာစောင်များ၊ သင်တန်းလမ်းညွှန်စာစောင်များ ပြုစုခြင်းတို့ကိုလည်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေး အသေးစိတ်လုပ်ငန်းအစီအစဉ်များကို နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီများမှတစ်ဆင့် ကော်မတီအဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီ ထပ်ဆင့်ညွှန်ကြားဆောင်ရွက်ကြရန်လည်း လိုအပ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် နည်းပညာလိုအပ်ချက်များ၊ ဆိုက်ကာလုံခြုံရေးနှင့် အခြားသောနယ်မြေဒေသလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုပြည်လုံးကျွတ်အဆင့် သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံတကာအကူအညီမပါရှိဘဲ မိမိတို့နိုင်ငံအင်အားဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် အားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ နိုင်ငံတော်အစိုးရ၏ မှတ်တိုင်တစ်ခု စိုက်ထူမှတ်ကျောက်တင်နိုင်ရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြည်ထောင်စုဝန်ကြီးက အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *