၂၇. ၄. ၂၀၂၄
Written by Shwe Phyo

ဥရောပသမဂ္ဂ(EU)သည် မြန်မာနိုင်ငံ၏အခြေအနေများကို သုံးသပ်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအပေါ် ပိတ်ဆို့မှုချမှတ်ထားခြင်းကို ၂၀၂ ၅ ခုနှစ် ဧပြီ ၃၀ ရက်နေ့အထိ ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဥရောပသမဂ္ဂသည် မြန်မာအစိုးရနှင့်ဆက်နွယ်သည့် လူပုဂ္ဂိုလ် ၁၀၃ ဦးနှင့် ကုမ္ပဏီအဖွဲ့အစည်းပေါင်း ၂၁ ခုကို ပိတ်ဆို့မှုများချမှတ်ထားပြီး ၎င်းတို့အပေါ်ချမှတ်ထားသော ပိတ်ဆို့မှုသက်တမ်းကို ထပ်မံတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပိတ်ဆို့မှုချမှတ်ခံရသူများသည် ဥရောပသမဂ္ဂနိုင်ငံများကို ခရီးသွားခွင့် ပိတ်ပင်ခံရမည်ဖြစ်သလို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများရှိ ၎င်းတို့၏ ပိုင်ဆိုင်မှုနှင့် စီးပွားရေးများ ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း သိရသည်။

ဥရောပသမဂ္ဂက ” လူအခွင့်အရေးချိုးဖောက်မှုတွေအပြင် ဒီမိုကရေစီအရေး ထိခိုက်နစ်အောင်ဆောင်ရွက်မှုတွေအပါအဝင် မြန်မာနိုင်ငံရဲ့အခြေအနေတွေကို ရှုမြင်သုံးသပ်ခဲ့ပြီးနောက် ပိတ်ဆို့မှုချမှတ်ခံရသူစာရင်းထဲမှာ ပါဝင်နေတဲ့သူတွေကို သက်တမ်းထပ်မံတိုးခဲ့တာပါ”ဟု သတင်းထုတ်ပြန်ထားသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းများတင်ပို့ရောင်းချခြင်းမလုပ်ဆောင်ရန် ပိတ်ပင်မှုများကိုလည်း ယခင်ကတည်းက ချမှတ်ခဲ့ဖူးကြောင်း သိရသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ၂၀၁၃ ခုနှစ် ဧပြီလတည်းက ပိတ်ဆို့မှုချမှတ်ခြင်းများ လုပ်ဆောင်ခဲ့သလို မြန်မာနိုင်ငံတွင် နိုင်ငံရေးအာဏာအငြင်းပွားမှုဖြစ်ပွားခဲ့သော၂၀၂၁ ခုနှစ်နောက်ပိုင်းတွင်လည်း အစိုးရနှင့်ဆက်နွှယ်သည့် လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီအဖွဲ့စည်းများကို ပိတ်ဆို့မှုများထပ်မံချမှတ်ခဲ့ကြောင်း သိရသည်။

REF, Anadolu Ajansı

Leave a Reply

Your email address will not be published. Required fields are marked *