၂၇. ၄ .၂၀၂၄
Written by Hey Mar

အိမ်ရှေ့ လမ်းဘေးမှာ မီနီအိုးဝေရေဆေးနေသူ အမျိုးသားကို ၁၂ ဘီးကားက တိုက်မိပြီး ချိတ်ပါသွားတဲ့အတွက် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တဲ့ဖြစ်စဥ် မနေ့က ဧပြီ ၂၆ ရက် ည ၇ နာရီကျော်အချိန်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မဟာ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ကမ်းနားလမ်း ညဈေး(တောင်ဘက်) မှာ မီနီအိုးဝေ(သုံးဘီး) ရေဆေးနေတဲ့ အမျိုးသားတစ်ဦးကို တောင်ကနေ မြောက်ကို မောင်းနှင်လာတဲ့ ၁၂ ဘီးကားကြီးက ဝင်တိုက်ပြီး ချိတ်ပါသွားပေမဲ့ ကားကတိုက်ပြီး ဆက်လက် မောင်းနှင်သွားတဲ့အတွက် အသက် ၅၅ နှစ်အရွယ် အမျိုးသားကြီးမှာ အနီရောင်အဆင့် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

မဟာ-လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက “အသင်းဖုန်းကို ဆက်သွယ် အကူအညီတောင်းလို့ သွားရောက်ကူညီခဲ့ပါတယ်။ သူက သူ့အိမ်ရှေ့ကနေ ပေ ၆၀ နီးပါးလောက် ချိတ်ပါသွားတာ။ ဘယ်ခြေကျိုး၊ ဘယ်လက်ကျိုး၊ ညာဘက် မျက်နှာ တစ်ခြမ်းပဲ့ပြီး ညာဘက်နားရွက်လည်းပြတ်သွားတယ်။ အနီရောင်အဆင့်ပါ” လို့ ပြောပါတယ်။

ဒဏ်ရာရသူကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ လိုအပ်တာတွေ မြေပြင်အကူအညီဆောင်ရွက်ပေးခဲ့ပြီး မန္တလေးဆေးရုံကြီး OPD ဌာနဆီ မဟာလူမှုကူညီရေးအသင်းပိုင်ယာဥ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News