၂၇. ၄. ၂၀၂၄
Written by Nay Moe

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်ကဖြစ်ပွားခဲ့တဲ့ ပန်းပင်ကြီးလမ်းဆန္ဒပြမှုမှာ ဆန္ဒပြသူတွေ ကားနဲ့တိုက်ဖမ်းဆီးခံရမှုဖြစ်စဥ်ကို သတင်းပေးတဲ့ ဒလန်လို့စွပ်စွဲပြီး မြို့ပြတော်လှန်ရေး PDF – UG အဖွဲ့ဖြစ်တဲ့ Operation Flame PDF အဖွဲ့က လက်နက်မဲ့ ဆိုက်ကားသမားတစ်ဦးကို ဒီနေ့လယ်မှာ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်လိုက်ပါတယ်။

ဖြစ်စဥ်က ဆိုက်ကားနင်းတယ်ဆိုသူ ဦးမောင်ဦးဟာ သရက်တော(၅)လမ်း၊ အောက်ဓမ္မာရုံရှေ့မှာ ဒီနေ့လယ် ၂ နာရီခန့်အချိန် ဆိုက်ကားပေါ်နားနေစဥ်မှာ Operation Flame PDF တွေက ဦးခေါင်းနောက်ကို သေနတ်နဲ့ ချောင်းမြောင်းပစ်ခတ်ခဲ့တာကြောင့် ဦးမောင်ဦးဟာ ဦးခေါင်းနောက်စေ့ ထိမှန်ဒဏ်ရာ (၁)ချက် (စိုးရိမ်ရ) ရရှိခဲ့ပြီး ပစ်ခတ်မှု ဖြစ်ပွားတဲ့နေရာက 380 THAI ARMS ကျည်ခွံ (၂)ခုနဲ့ ကျည်(၁)တောင့် တွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ဦးမောင်ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ကျုးလွန်တဲ့ Operation Flame အဖွဲ့က ဦးမောင်ဦးဟာ ပန်းပင်ကြီးဖြစ်စဥ်သတင်းပေးဖြစ်ကြောင်း၊ ပြည်သူ့တရားစီရင်ရေးအဖြစ် ဦးမောင်ဦးကို သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း၊ ပစ်ခတ်ခံရတဲ့ ဦးမောင်ဦးက ပွဲချင်းပြီးသေဆုံးသွားပြီး နောက်ကနေချောင်းပစ်တဲ့ PDF တွေ ဘေးကင်းရာရောက်နေပြီဖြစ်ကြောင်း၊ တခြားစစ်ရေးပစ်မှတ်တွေ ဆက်လက်သတ်ဖြတ်မှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News