၂၇.၄.၂၀၂၄
Translated by Htwe Ko Tun

ဂါဇာဒေသအတွင်းဖြစ်ပွားနေသော စစ်ပွဲတွင် ပျက်စီးမှုများက အလေးချိန် တန်ချိန် ၃၇ သန်းခန့်ရှိလာပြီ ဖြစ်သောကြောင့် အစ္စရေးတို့၏ထိုးစစ်အပြီး၌ ၎င်းတို့ကိုဒေသအတွင်းမှ ရှင်းလင်းဖယ်ရှားရန်ကပင် နှစ်ပေါင်းများစွာအချိန်ယူရမည်ဖြစ် ကြောင်း ကုလသမဂ္ဂမိုင်းရှင်းလင်းရေးလုပ်ငန်း (UNMAS) မှ အဆင့်‌မြင့်အရာရှိတစ်ဦးဖြစ်သော Pehr Lodhammar က ဧပြီလ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

အီရတ်ကဲ့သို့ နိုင်ငံများ၌ မိုင်းရှင်းလင်းရေးအစီအစဉ်များကို ဆောင်ရွက်လာခဲ့သော Pehr Lodhammar က အပျက်အစီးများအောက်တွင် မပေါက်ကွဲသေးဘဲ ကျန်ရှိနေနိုင်သည့်ဗုံးများကြောင့်လည်း လုပ်ငန်းကို ပို၍နှောင့်နှေးစေမည်ဟု ၎င်းကဆိုသည်။ ဂါဇာဒေသအတွင်း ပစ်ခတ်အသုံးပြုခဲ့သောဗုံး၊ အမြောက်ဆံ၊ ခဲယမ်းတို့အနက် မည်မျှက မပေါက်ကွဲသေးဘဲကျန်ရှိနေသည်ကို အတိအကျ ပြောရန်လည်းမဖြစ်နိုင်ဟု ၎င်းကဆိုခဲ့သည်။

Pehr က “ကျွန်တော်တို့အတိအကျသိထားတာကတော့ ဒေသအတွင်း ပျက်စီးမှုတွေက အလေးချိန်တန်ချိန် ၃၇ သန်းခန့်ရှိနေပြီ။ ခန့်မှန်းခြေအားဖြင့် တစ်စတုရန်းမီတာမှာ အပျက်အစီးအလေးချိန် ကီလို ဂရမ် ၃၀၀ လောက်ရှိမယ်လို့ ခန့်မှန်းရတယ်။ ဒီတော့ ထရပ်ကား ၁၀၀ လောက် အသုံးပြုမယ်ဆိုရင်တောင် ဒါတွေကိုရှင်းလင်းဖို့ ၁၄ နှစ်လောက်ကြာမယ်” ဟု သတင်း ထောက်များအား ဂျီနီဗာမြို့၌ ပြောခဲ့သည်။

အစ္စရေး-ဟားမားစ်စစ်ပွဲအတွင်း ဂါဇာဒေသ၌ အဓိကကျသော အခြေခံအဆောက်အအုံများပျက်စီးမှုက အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၅ ဘီလျံဖိုးရှိသွားပြီဟုလည်း ကမ္ဘာ့ဘဏ်အစီရင်ခံစာတစ်စောင်က ဖော်ပြခဲ့သည်။

ဂါဇာစစ်ပွဲက ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် ဟားမားစ်စစ်သွေးကြွတို့က အစ္စရေးနိုင်ငံအတွင်း ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မှုမှ စတင်ခဲ့ကြခြင်းဖြစ်သည်။ အစ္စရေးတို့၏ တရားဝင်ထုတ်ပြန်ချက်များအရ စစ်ပွဲကြောင့် အစ္စ‌ရေးနိုင်ငံအတွင်းသေဆုံးသူ ၁,၁၇၀ ဦးရှိသွားပြီဟု သိရသည်။

အစ္စရေးကလည်း ဟားမားစ်တို့ကို လုံးဝအမြစ်ဖြတ်ရန်ဟုကြေညာကာ ဆင်နွှဲခဲ့သောစစ်ပွဲ၌ ဂါဇာဒေသတွင် အမျိုးသမီးနှင့်ကလေးများအများစုဖြစ်သော အနည်းဆုံး ပြည်သူ ၃၄,၃၅၆ ဦး သေဆုံးခဲ့သည်ဟု ဟားမားစ်တို့၏ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

Ref-AFP

Leave a Reply

Your email address will not be published. Required fields are marked *