၂၇. ၄. ၂၀၂၄
Written by Ye Kyaw

ကမ္ဘာ့ရွှေဈေးကျချိန်တွင် တက်သင့်သည့်ဈေးနှုန်းထက် ထက်ဝက်သာကျဆင်းခဲ့သော ပြည်တွင်းရွှေဈေးမှယာ ကမ္ဘာ့ရွှေဈေး ပြန်မြင့်တက်ချိန်တွင် တက်သင့်သည့်ပမာဏထက် ဈေးနှုန်းနှစ်ဆမြင့်တက်ကာ သုံးရက်အတွင်း ကျပ် ၁၂၀,၀၀၀ မြင့်တက်ခဲ့၍ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၄,၈၃၀,၀၀၀ သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဧပြီ ၂၄ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စလျှင် ၂၃၂၅ ဒေါ်လာသို့ ကျဆင်းခဲ့ပြီး လေးရက်အတွင်း ကမ္ဘာ့ရွှေဈေး ၆၅ ‌ဒေါ်လာ ပြန်လည်ကျဆင်းခဲ့ချိန်တွင် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၂၅၀,၀၀၀ ကျော် ကျဆင်းရမည်ဖြစ်သော်လည်း အခေါက် ရွှေတစ်ကျပ်သား ကျပ် ၄၈ သိန်းမှ ကျပ် ၄၇ သိန်းအထိသာကျဆင်းခဲ့၍ ကျသင့်သည့်ဈေးနှုန်းထက် ထက်ဝက်ခန့်ဖြစ်သော ကျပ်တစ်သိန်းသာ ပြန်ကျခဲ့ခြင်းဖြစ်သည်။

သို့သော် ဧပြီ ၂၆ ရက် (ယမန်နေ့)တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၂၃၄၀ ဒေါ်လာရောက်ရှိခဲ့၍ သုံးရက်အတွင်း ကမ္ဘာ့‌ ရွှေဈေးနှုန်း ၁၅ ဒေါ်လာသာ ပြန်မြင့်တက်ခဲ့ချိန်တွင် ပြင်ပပေါက်ဈေး တစ်ဒေါ်လာ ၃၉၀၀ ကျော်ဖြင့်တွက်လျှင်ပင် ကျပ်ခြောက်သောင်းခန့်သာ ပြန်လည်မြင့်တက်ရမည်ဖြစ်သော်လည်း ကျပ် ၄,၈၃၀,၀၀၀ အထိ ပြန်မြင့်တက်ခဲ့သဖြင့် ကျပ် ၁၂၀,၀၀၀ ပြန်မြင့်တက်ကာ တက်သင့်သည့်ရွှေဈေးထက် နှစ်ဆမြင့်တက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသည့် ပြည်တွင်းရွှေဈေးကွက်အခြေအနေများနှင့် ပတ်သက်ပြီး တာဝန်ရှိသူများကို မေးမြန်းခဲ့ရာတွင်လည်း ပြန်လည်ဖြေကြားမှုမရှိခဲ့ဘဲ ပြန်လည်ဖြေကြားခဲ့သည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှလည်း “ကမ္ဘာ့ရွှေဈေး ထပ်ကျရင် ပြည်တွင်းရွှေဈေးလည်း ထပ်ကျလာမှာ” ဟုသာ ပြန်လည်ဖြေကြားခဲ့ခြင်းကြောင့် ကမ္ဘာ့ရွှေဈေး ကျသင့်သည်ထက် နှစ်ဆထပ်ကျမှသာ ပြည်တွင်းရွှေဈေးနှုန်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်သည်။

ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာဈေးနှင့် အခြားသော နိုင်ငံရေးအခြေအနေ အပြောင်းအလဲဖြစ်ချိန်တိုင်းတွင် ဈေးနှုန်းထက်ကြပ်မကွာ မြင့်တက်မှုရှိခဲ့သော်လည်း ကမ္ဘာ့‌ရွှေဈေး၊ ဒေါ်လာဈေး ပြန်လည်ကျဆင်းချိန်နှင့် နိုင်ငံရေးအခြေ အနေများ ပြန်လည်တည်ငြိမ်လာချိန်တွင် ကျသင့်သည့်ဈေးနှုန်းအထိ ကျဆင်းမှုမရှိခဲ့ခြင်းကြောင့် လက်ရှိတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် သတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်းထက် ကျပ်ခုနစ်သိန်းကျော် မြင့်တက်နေသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေတစ်အောင်စနှင့် ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သား ဈေးနှုန်းများမှာ ဧပြီလ ၂၄ ရက်တွင် ကမ္ဘာ့ရွှေဈေး ၂၃၂၅ ဒေါ်လာနှင့် ပြည်ရွှေဈေး ကျပ် ၄,၇၁၀,၀၀၀၊ ဧပြီလ ၂၅ ရက်တွင် ကမ္ဘာ့ရွှေဈေး ၂၃၂၅ ဒေါ်လာနှင့် ပြည်ရွှေဈေး ကျပ် ၄,၈၀၀,၀၀၀၊ ဧပြီလ ၂၆ ရက်တွင် ကမ္ဘာ့ရွှေဈေး ၂၃၄၀ ဒေါ်လာနှင့် ပြည်တွင်းရွှေဈေး ကျပ် ၄,၈၃၀,၀၀၀ ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *