ဓာတ်ပုံ။ ဦးရည်မွန် MDY- PDF ရှေ့တန်းစစ်မြေပြင်သို့ ရောက်ရှိခဲ့စဉ်ဟုဆိုကာ NUG ထုတ်ပြန်ချက်တွင် ဖော်ပြထားမှုနှင့် သိမ်းမိလက်နက်ခဲယမ်းများကို တွေ့ရစဥ်။

၂၇.၄. ၂၀၂၄
Written by Nay Moe

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၄) ရက်နေ့၊ သင်္ကြန်အကျနေ့မှာ ပြင်ဦးလွင်မြို့က DSA စစ်တက္ကသိုလ်ကျောင်းဝန်းအတွင်းကို ရှော့တိုက်ဒုန်းအလုံး (၂၀) နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဧပြီလ (၁၅) ရက်နေ့၊ နံနက်အစောပိုင်းမှာ ပြင်ဦးလွင်မြို့အနီး သရက်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သလို တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု (၆) ကြိမ် ပြုလုပ်ခဲ့ပေမဲ့ ညနေခင်းပိုင်းမှာ သရက်ကုန်းကျေးရွာ စစ်စခန်းကို MDY-PDF က အပြီးသတ် သိမ်းနိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်က ဒီနေ့ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်က သရက်ကုန်းကျေးရွာဟာ စစ်တက္ကသိုလ်(DSA) တည်ရှိရာ ပြင်ဦးလွင်မြို့နဲ့ (၁၀) မိုင်အကွာမှာ တည်ရှိပြီး NUG ကတော့ ဒီစခန်းသိမ်းတိုက်ပွဲမှာ လုံခြုံရေးတပ်ဖွဲ့ဘက်က သေဆုံးသူများစွာရှိသလို MA-1၊ MA-2၊ MA-3၊ MA-4၊ MA-5၊ MA-11၊ ၆၀ မမ မော်တာ စုစုပေါင်း (၆၁) လက်အပါအဝင် ခဲယမ်းမီးကျောက်များ သိမ်းဆည်း ရရှိခဲ့တယ်ပြောပါတယ်။

တပ်ဘက်ကလည်း သရက်ကုန်းကျေးရွာ ပြန်လည်ရရှိဖို့ ဧပြီလ (၁၉) ရက်နေ့ကစ ကြည်းကြောင်း၊ လေကြောင်းနဲ့ ပြင်းထန်စွာ တန်ပြန်ထိုးစစ်ဆင်နေပေမဲ့ဧပြီ ၁၉ ရက်ကနေ ဧပြီ ၂၅ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင် ၅၉ ဦးခန့် သေဆုံးပြီး ၃၈ ဦး ဒဏ်ရာရခဲ့သလို PDF နှစ်ဦးလည်း သေတယ်ပြောပါတယ်။

ဒီရက်တွေအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ်ပြုလုပ်ရာမှာ ရွာအတွင်း ၈ ကြိမ်နဲ့ ဘုန်းကြီးကျောင်းထဲ ၂၆ ကြိမ်ကျတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပြီး MT News သတင်းဌာနအနေနဲ့တော့ NUG ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ထုတ်ပြန်ချက် မှန်ကန်မှုရှိမရှိ မြေပြင်အတည်မပြုနိုင်ဘဲ ထုတ်ပြန်ချက်သာ ဖော်ပြတာဖြစ်ပါတယ်။

ဓာတ်ပုံ။ ဦးရည်မွန် MDY- PDF ရှေ့တန်းစစ်မြေပြင်သို့ ရောက်ရှိခဲ့စဉ်ဟုဆိုကာ NUG ထုတ်ပြန်ချက်တွင် ဖော်ပြထားမှုနှင့် သိမ်းမိလက်နက်ခဲယမ်းများကို တွေ့ရစဥ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News