၂၆. ၄. ၂၀၂၄
Written by Nay Moe

AA က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာကြောင့် ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲမြို့တွေမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် ဘူးသီးတောင်၊ စကခ (၁၅) ကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ဖို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲပိုမိုပြင်းထန်နေတာပါ။

ဒီလိုတိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ AA အနေနဲ့ ရခိုင်ပြည်နယ်က ဘင်္ဂါလီမွတ်ဆလင်တွေကို လူကုန်ကူးနေတာ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ ပေါ်တာဆွဲပြီး စစ်မှုထမ်းစုဆောင်းတာ၊ ဘင်္ဂါလီရွာတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ရခိုင်ပြည်နယ်က ဘင်္ဂါလီမွတ်ဆလင်တွေရဲ့ AA အလိုမရှိ ဆန္ဒပြမှု ခံနေရတဲ့အပြင် လက်နက်ကိုင်တိုက်ခိုက်မှုတွေလည်း ကြုံနေရတာပါ။

AA ရဲ့ထုတ်ပြန်ချက်အရ ARSA လို ဘင်္ဂါလီမွတ်ဆလင်တွေက တစ်ဖွဲ့ချင်းတိုက်ခိုက်မှုအပြင် လုံခြုံရေးတပ်ဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက်တာ၊ စစ်သင်တန်းဆင်းလာပြီးတိုက်ခိုက်တာတွေ လုပ်လာနေလို့ AA က ဘူးသီးတောင်နဲ့ မောင်တောကို ဒီနေ့ ဧပြီလ၂၆ ရက်နေ့ကစ ည ၇ နာရီကနေ မနက် ၆ နာရီအချိန်အတွင်း ညမထွက်ရအမိန့် ထုတ်ပြန်တယ်လို့လည်း ​ပြောပါတယ်။

AA ဟာ ရမ်းဗြဲအပါအဝင် ရခိုင်က မြို့၈ မြို့ကို သိမ်းပိုက်ထားတယ်လို့ ကြေညာထားပြီး AA သိမ်းထားချိန် မင်းပြားမြို့မစျေး မီးလောင်ပြာကျခဲ့သလို ရခိုင်ပြည်သူတွေမရှိဘဲ AA လက်နက်ကိုင်တွေပဲရှိနေတဲ့ AA သိမ်းပိုက်ထားတဲ့မြို့တွေမှာ ခိုးဝှက်မှုတွေဖြစ်ပွားနေပြီး နေအိမ်က တံခါးတွေ၊ ကုတင်တွေ၊ ပန်းကန်တွေပါမကျန် အခိုးခံနေရတယ်လို့လည်း ရမ်းဗြဲဒေသခံတွေက လူမှုကွန်ရက်မှာ ဝေဖန်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *