၂၆. ၄ .၂၀၂၄
Written by Hey Mar

ဘိလပ်မြေသယ်တင်ယာဉ်ကို ကျော်တက်တဲ့ မုန့်အရောင်းကုမ္ပဏီကားက တစ်ဖက်ယာဥ်ကြောပေါ်ရောက်ရှိကာ ဘဲတွေတင်ဆောင်လာတဲ့ကားနဲ့ မျက်နှာချင်းဆိုင်တိုက်မိတာကြောင့် လူသုံးဦးသေဆုံးကာ လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ် ဒီနေ့ ဧပြီ ၂၆ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ပြွန်တန်ဆာမြို့နဲ့ ဒိုက်ဦးကြားမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတချို့ထံကနေ သိရပါတယ်။

ဖြစ်စဥ်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ညောင်လေးပင်ခရိုင်အပိုင်၊ ဗိုင်းဒါးစံပြကျေးရွာအနီး ပြွန်တန်ဆာမြို့နဲ့ ဒိုက်ဦးမြို့ကြားမှာဖြစ်ပွားခဲ့ကာ ဖြစ်စဥ်မှာ ဒဏ်ရာရလူနာတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ ပါဝင်ကူညီခဲ့တဲ့ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ “မန္တလေးဘက်ကနေလာတဲ့ မုန့်အရောင်းကုမ္ပဏီကားက သူ့ရဲ့လားရာတူရှေ့က ဘိလပ်မြေဖျော်တဲ့ကားကို ကျော်တက်တာမှာ တစ်ဖက်လမ်းကြောက ဘဲတင်လာတဲ့ ကန်တာခေါ်မလား။ အဲ့ဒီကားကလည်း အရှိန်နဲ့အလာ တိုက်မိတာ။ အဲ့ဒီမှာ ဘိလပ်မြေကားက နှစ်စီးကြားမညပ်အောင် ညာဘက်ကို ကွေ့ချလိုက်တော့ ကားလမ်းဘေးက အိမ်ထဲ ဝင်သွားတာ။ ကံကောင်းတာက အိမ်က လူတွေ မထိဘူး။ အထဲမှာရှိကြတယ်။ အိမ်သားတွေ မထိခိုက်ဘူး။ ယာဥ်မောင်းလည်း ခြေထောက်ညပ်နေလို့သာ ကားထဲက ထွက်မရတာ။ ဒဏ်ရာမပြင်းဘူး။ ဘဲကားပေါ်က ဘဲကုန်သည် လင်မယားနဲ့ ခေါင်မိုးပေါ်က အလုပ်သမားတစ်ယောက် ကျသေတယ်။ သူတို့ရဲ့ သုံးနှစ်သားကလေးလည်း သတိမရတာကို ပရဟိတအသင်းနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ကူညီနေတာ တွေ့တယ်”လို့ MT News ကို ပြောပါတယ်။

အဆိုပါဖြစ်စဥ်အတွင်း ဘဲတွေတင်ဆောင်လာတဲ့ယာဥ်ပေါ်ပါ ယာဥ်မောင်း မစိုးရိမ်ရ ဒဏ်ရာရရှိကာ ကားခေါင်းခန်းမှာ လိုက်ပါစီးနင်းလာတဲ့ ကုန်သည်မိသားစုက ဇနီးမောင်နှံနှစ်ဦး နေရာတင်သေဆုံးပြီး ကလေးငယ်မှာ အနီရောင်အဆင့်စိုးရိမ်ရဒဏ်ရာရရှိတာကြောင့် ပြွန်တန်ဆာဆေးရုံကနေ ပဲခူးဆေးရုံဆီ လွှဲပြောင်းကုသနေတယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာ စည်းကမ်းမဲ့ကျော်တက်မောင်းနှင်တဲ့ မုန့်ကုမ္ပဏီ ယာဥ်မောင်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လိုအပ်တဲ့ ဆေးကုသမှုတွေ လုပ်ဆောင်ဖို့နဲ့ စစ်ဆေးအရေးယူဖို့ ခေါ်ဆောင်သွားပြီး အဆိုပါကားပေါ်က အရောင်းစာရေးနဲ့ အကူတို့လည်း ဒဏ်ရာပြင်းထန်တာကြောင့် ပရဟိတအသင်းကားတွေနဲ့ ပဲခူးဆေးရုံဆီ လွှဲပြောင်းကုသမှုခံယူနိုင်ဖို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *