၂၆.၄.၂၀၂၄
Written by TZ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မေတ္တာ (A) အုပ်စု၊ (၁၁) လမ်း ကျူးကျော်ရှိ နေအိမ်ထဲ၌ ပုပ်ပွပြီးသေဆုံးနေသည့် အမျိုးသားတစ်ဦး၏အလောင်းကို ကယ်ဆယ်ရေးအသင်းမှ PPE ဝတ်စုံဝတ်၍ ထုတ်ပိုးသယ်ဆောင်ခဲ့ကြောင်း သိရသည်။

ပုပ်ပွပြီးသေဆုံးသည့် ရုပ်အလောင်းမှာ ခန့်မှန်းခြေအရ သေဆုံးနေသည်မှာ ၄ ရက်ခန့်ရှိပြီး ရုပ်အလောင်းကို ဧပြီလ ၂၆ ရက် နံနက် ၉ နာရီခွဲအချိန်တွင် အနီးအနားရှိသူများမှ ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံသို့ ဖုန်းဆက်အကြောင်းကြား၍ ထိုအသင်းသား (၅) ဦးမှ PPE ဝတ်စုံများဝတ်၍ အလောင်းကိုထုပ်ပိုးရှင်းလင်းခဲ့ကြောင်း သိရသည်။

“တစ်ဦးတည်းသေဆုံးချိန်အရ ခန့်မှန်း ၄ ရက်လောက်ရှိနေတယ်။ အနံ့ထွက်နေတော့ ပုံမှန်အနေနဲ့သယ်ရတာ အဆင်မပြေလို့ ဝတ်ရတာပါ။ တစ်ယောက်ထဲနေတာထက် ကျူးတဲမှာနေတာကြောင့်လည်း လူမသိကြတာဖြစ်နိုင်တယ်”ဟု အလောင်းအားသွားရောက်သယ်ဆောင်သည့် ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ပုပ်ပွပြီးသေဆုံးသည့် ရုပ်အလောင်းကို အိတ်ဖြင့်ထုပ်ပိုးပြီး အုတ်ဖိုသုသာန်၌ သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ – ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *