ပုံစာ- ပြည်တွင်းစားသုံးဆီဖူလုံစေရန် ရန်ကုန်တိုင်းအတွင်း စိုက်ပျိုးထားသည့် နေကြာစိုက်ခင်းများကို တွေ့ရစဉ်။

၂၆. ၄. ၂၀၂၅
Written by Nyein Kyaw

စားသုံးဆီဖူလုံစေရေးအတွက် တစ်နိုင်ငံလုံးတွင် စိုက်ပျိုးရေးဇုန် ၇ ခု သတ်မှတ်၍ ဆီထွက်သီးနှံ စိုက်ပျိုးဧက ၁၃ သန်းအထိ စိုက်ပျိုးထုတ်လုပ်ရန်လျာထားပြီး ဆီစက်အရေအတွက်နှင့် ထုတ်လုပ်နိုင်မှုစွမ်းအားကိုပါ မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဧပြီ ၂၅ ရက်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဆီထွက်သီးနှံ (နှမ်း၊ မြေပဲ၊ နေကြာ) စိုက်ပျိုးခြင်းအတွက် တစ်နိုင်ငံလုံးတွင် ဇုန် ၇ ခု သတ်မှတ်ပြီး တိုးချဲ့စိုက်ပျိုးသွားရန် စီမံဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးတွင် ဇုန် ၂ ခုပါဝင်ပြီး စုစုပေါင်း စိုက်ပျိုးဧက ၁၃ သန်းလျာထား ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။

ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် နေကြာတို့ကို တိုးချဲ့စိုက်ပျိုးသွားမည်ဆိုပါက ဆီစက်အရေအတွက်နှင့် စက်များ၏ ထုတ်လုပ်နိုင်မှုစွမ်းအား မြှင့်တင်ရန်လိုအပ်သဖြင့် အရည်အသွေးပိုင်းတွင်လည်း စံချိန်စံညွှန်းများနှင့် ကိုက်ညီသော စားသုံးဆီများ ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ဆီထွက်သီးနှံစိုက်ပျိုးရေးဇုန် ၇ ခုအနက် သတ်မှတ်ဇုန် ၂ ခုအထိ ပါဝင်သော မကွေးတိုင်းဒေသကြီးတွင် စိုက်ပျိုးဧက ၃၁ သိန်းခန့်ရှိသည့်အနက် ယာဧက ၂၂ သိန်းခန့်ရှိသည့်အတွက် တစ်နှစ်လျှင် ဆီတန်ချိန်ပေါင်း ၁၈၀,၀၀၀ ခန့်ထွက်ရှိမည်ဖြစ်သည်။ ဒေသတွင်း၌ တန်ချိန် သုည ဒသမ ၆ သိန်းသာ အသုံးပြုနေခြင်းကြောင့် ကျန်ပိုလျှံဆီများကို အခြေားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *