၂၅.၄. ၂၀၂၄
Written by Nay Moe

ပခုက္ကူနည်းပညာတက္ကသိုလ်(TU)ဂိတ်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ပခုက္ကူမြို့အခြေစိုက် ခလရ (၂၅၂) က စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် တပ်သား(ဦး)ကျော်နိုင်ဝင်းဆိုသူကို ရေစကြို PDF နှစ်ဖွဲ့ပေါင်းပြီး မနေ့က နေ့လယ်ဘက်မှာ ပစ်သတ်လိုက်တယ်လို့ Southern YSO PDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

တပ်သားကျော်နိုင်ဝင်းဆိုသူဟာ ကျောက်လှေခါးဂိတ်၊ TU ဂိတ်မှာ ၂ နှစ် နီးပါး တာဝန်ကျနေသူဖြစ်ပြီး ဂိတ်ပတ်လည် မိုင်းအဓိက ဆင်ပေးတဲ့တာဝန်၊ ကင်းမှူးတာဝန်၊ လက်ရှိ TU ဂိတ်စောင့်တာဝန်တွေ ယူထားသူဖြစ်ပြီး TU ဂိတ်အနီးရှိ လက်ဖတ်ရည်ဆိုင်မှာ အရှင်ဖမ်းဆီးဖို့ကြိုးစားချိန် ထွက်ပြေးဖို့ကြိုးစားပြီး ပြန်လည်ခုခံဖို့ကြိုးစားလို့ အသေပစ်သတ်လိုက်တာလို့ ပြောပါတယ်။

သေဆုံးသွားတဲ့ စရဖတပ်ဖွဲ့ဝင်ဆီက ဖုန်း ၁ လုံး သိမ်းဆည်းရရှိခဲ့ပြီး ဖုန်းထဲမှာ PDFထောက်ပို့နေအိမ် အချက်အလက်မြေပုံတွေ၊ PDF တွေ တပ်ဆင်ထားတဲ့ မိုင်းပွိုင့်နေရာအချက်အလက်တွေ၊ ပြည်သူ့စစ်နဲ့ PDF တွေက ဒလန်သတ်မှတ်ထားသူတွေရဲ့ အချက်အလက်တွေ တွေ့တယ်လို့လည်း Southern YSO PDF က ပြောပါတယ်။

ဒီတိုက်ခိုက်မှု ပြည်သူ့အားမာန် PDF အဖွဲ့နဲ့ Southern YSO PDF အဖွဲ့က နတ်မိကျောင်း စစ်ဆင်ရေးအဖြစ် တိုက်ခိုက်သတ်ဖြတ်ခဲ့တာဖြစ်သလို စရဖတပ်သားကျော်နိုင်ဝင်းကို သတ်ဖြတ်အပြီးမှာ ဒေသခံကျေးရွာသားတစ်ဦးကို နယ်မြေခံ PDF နဲ့ပေါင်းပြီး ဧပြီ ၂၄ ရက် ညနေ ၅ နာရီလောက်မှာဒလန်စွပ်စွဲဖမ်းဆီးခဲ့သလို ထိုက်သင့်တဲ့အပြစ်ပေးမှုလုပ်မယ်လို့လည်း ပြောပါတယ်။

MT News သတင်းဌာနအနေနဲ့ သတ်ဖြတ်ခံရသူဟာ စရဖတပ်ဖွဲ့ဝင် ကျော်နိုင်ဝင်း ဟုတ်မဟုတ်အတည်မပြုနိုင်ဘဲ ပြည်သူ့အားမာန် PDF အဖွဲ့နဲ့ Southern YSO PDF အဖွဲ့က သတ်ဖြတ်ထားမှု ထုတ်ပြန်တာကို ပြန်လည်ဖော်ပြခြင်းသာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News