၂၅. ၄. ၂၀၂၄
Written by Nay Moe

အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ဂိုဏ်းတွေကို လူကုန်ကူးပြီး ပြန်ပေးဆွဲမှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးမှုများစွာ ကျုးလွန်ထားတဲ့ MNDAA တပ်ဖွဲ့ဝင်သုံးဦးကို MNDAA ကိုယ်တိုင်က သေဒဏ်ပေးလိုက်တာကို ရှုတ်ချတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက အခု ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးထုတ်ပြန်ချက်မှာ” MNDAA က လူ (၁၀) ဦးကို သေဒဏ်ချခဲ့ပြီး ၎င်းတို့အနက်(၃) ဦးမှာ ဧပြီလ ၂၄ ရက်တွင် စီရင်ခံခဲ့ရ‌ဖွယ်ရှိသည် ဆိုသည့် စိုးရိမ်စရာသတင်းများထွက်ပေါ် နေပါသည်။ ဤ (သေဒဏ်ချသည့်) ဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂ က အပြင်းထန်ဆုံး ရှုတ်ချပြီး အချိန်တိုင်း ဘယ်လို အခြေအနေမျိုးမှာဖြစ်ဖြစ် သေဒဏ်ချမှု ကို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ဆန့်ကျင်ခြင်း ကို ထပ်လောင်း အတည်ပြုပါသည်။ သေဒဏ်သည် လူမဆန်သည့် ယုတ်ညံ့သောပြစ်ဒဏ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာကို အဆုံးစွန်သော ငြင်းပယ်မှုကိုကိုယ်စားပြုသည်။ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး မျှော်မှန်းချက်တွင် အဓိကကျသော ကြိုးပမ်းမှုသည် မြင့်မားသောနိုင်ငံတကာစံနှုန်းများနှင့်အညီ တရားဥပဒေစိုးမိုးရေးကိုထိန်းသိမ်းရန် ဖြစ်သင့်ပါသည်။ ” လို့ ရေးသားကန့်ကွက်ခဲ့တာပါ။

၁၀၂၇ စစ်ဆင်ရေးမှာ သိမ်းပိုက်ရရှိခဲ့တဲ့ လောက်ကိုင်မြို့မှာ မနေ့က ဧပြီ ၂၄ ရက်မှာ ကိုးကန့်တပ် (MNDAA) က ပထမဆုံးအကြိမ် သေဒဏ်ပေးမှုပြုလုပ်ခဲ့ပြီး သေဒဏ်ပေးခံရတဲ့ သူတွေရော ထောင်ဒဏ်ပေးခံရသူတွေပါ အားလုံးက ကိုးကန့်တရုတ် MNDAA တပ်ဖွဲ့ဝင်တွေလို့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA ) ရဲ့ ကိုးကန့်သတင်းအေဂျင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

BBC သတင်းမှာ အမျိုးသား ၇ ယောက်ကို အများပြည်သူတွေ့မြင်ရတဲ့နေရာမှာပဲ သေဒဏ်စီရင်တာလို့ ဖော်ပြထားပေမဲ့ ကိုးကန့်သတင်းအေဂျင်စီရဲ့ ဖော်ပြမှုမှာတော့ ပြန်ပေးဆွဲ၊ လူသတ်မှု၊ လုယက်မှု၊ မူးယစ်ဆေးဝါးဖြန့်ချိမှုများစွာကျုးလွန်ထားတဲ့အပြင် အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းပါလုပ်ကိုင်ပြီး လူကုန်ကူးတဲ့ MNDAA တပ်ဖွဲ့ဝင် ၁၀ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်ပေးမှု လူမြင်ကွင်းမှာ စီရင်တာလို့ ဖော်ပြထားပြီး အဲဒီ ၁၀ ဦးထဲက ၃ ဦးကိုပဲ သေဒဏ်ပေးတာပါ။

ကျားဖြန့်လုပ်ငန်းအပြင် ရာဇဝတ်မှူမျိုးစုံကျုးလွန်တဲ့ MNDAA တပ်ဖွဲ့ဝင် ၁၀ ဦးထဲမှာ ကိုးကန့် ဒေါင်ရှန်း ခရိုင်မှူး၊ ပြည်သူ့စစ်ခေါင်းဆောင်၊ တပ်ရင်းမှူး၊ လက်ထောက်တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့ စစ်သားတွေဖြစ်ပြီး ကျားဖြန့်လုပ်ငန်းနဲ့ ဆက်နွှယ်မှုအဖြစ် တရုတ်၊ ဗီယက်နမ်၊ မြန်မာနိုင်ငံသား ၂၈ ဦးကို ဖမ်းဆီးပြီး မြန်မာယာဥ်မောင်းတွေအပါအဝင် ၅ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သလို ကျန်သူတွေကိုလည်း ကျားဖြန့်လုပ်ငန်းတွေဆီကို ရောင်းစားရာမှာ ယွမ် ၂၁ သိန်းခွဲ အမြတ်ရခဲ့တယ်လို့ ဆိုပါတယ်။

MNDAA တပ်ဖွဲ့ဝင် ၁၀ ဦးဟာ ရာဇဝတ်ပြစ်မှူကြီး ၁၀ ခုကို ကျုးလွန်ခဲ့တာကြောင့် ပါတီနဲ့စစ်ဘက်ဆိုင်ရာတာဝန်တွေ ရပ်ဆိုင်း၊ သိမ်းယူပြီး ခရိုင်မှူး Li Jiaxiong ၊ Luo Fei နဲ့ Cao Yuxiang တို့ကို သေဒဏ်ပေးခဲ့တာပါ။

ကျားဖြန့်တွေကို နှိမ်နင်းမယ်လို့ တရုတ်ကို အကြောင်း ပြချက်ပေးပြီး ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့တဲ့ MNDAA ဟာ ကိုယ်တိုင်လည်း ကျားဖြန့်လုပ်ငန်းတွေကို လုပ်ကိုင်နေတယ်ဆိုတာကို ဒီဖြစ်ရပ်တွေက သက်သေခံသလို နောက်ထပ်လည်း MNDAA ရဲ့ အဆင့်မြင့်အရာရှိတွေက ကျားဖြန့်တွေမှာ ဘယ်လောက်ပတ်သက်လည်းဆိုတာ မကြာမီတွေ့မြင်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *