၂၅. ၄. ၂၀၂၄
Written by Nyein Kyaw

စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးထက် အမြတ်ရာခိုင်နှုန်း မြင့်မားစွာထပ်ဆောင်းပြီး ရောင်းချနေမှုများရှိနေ၍ ဝိသမလောဘဖြင့် ဈေးတင်ရောင်းသူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ယနေ့တွင် အသိပေး ကြေညာထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်‌ရေးကော်မတီအနေဖြင့် ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီ ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်‌ဖောက်ကားရမည့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

ယခုအခါ ပြည်တွင်းရှိ အချို့သောမြို့နယ်များတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချသူအချို့သည် အဆိုပါ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်မှု စရိတ်များအပြင် အမြတ်ရာခိုင်နှုန်း မြင့်မားစွာထပ်ဆောင်းလျက် ရောင်းချမှုများရှိကြောင်း တွေ့ရှိရကြောင်း ဖော်ပြထားသည်။

သို့ဖြစ်ရာ ပြည်တွင်းဈေးကွက်အတွင်း စားအုန်းဆီများကို ဝိသမလောဘဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများကို ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

မြန်မာနိုင်ငံတွင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပြဌာန်းထားပြီး ထိုဥပဒေအရ (က) ကုန်စည်တစ်မျိုးမျိုးကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြေညာပြီး ယင်းကုန်စည်နှင့် စပ်လျဉ်း၍ တင်သွင်းမှု၊ တင်ပိုမှု၊ ရောင်းဝယ်မှု၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှု၊ စားသုံးမှုတိုနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ချိုးဖောက်ပါက ပြစ်ဒဏ်အဖြစ် “မည်သူမဆို ပုဒ်မ ၄ အရ ထုတ်ပြန်သော အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအားအနည်းဆုံး ထောင်ဒဏ် ခြောက်လမှ အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ရမည့်ပြင် ကျပ်ငါးသိန်းထက် မပိုသော ငွေဒဏ်လည်းချမှတ်ခြင်းခံရမည်”ဟု သတ်မှတ်ထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတ်မှတ်ရည်ညွှန်းဈေးနှုန်း ဧပြီလဆန်းပိုင်းတွင် ထုတ်ပြန်ထားသည့် စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ၅၃၄၀ အဖြစ် သင်္ကြန်ကာလမတိုင်မီထက် ကျပ် ၂၀၀ ဝန်းကျင်သာ တိုးမြှင့်သတ်မှတ်ခဲ့သော်လည်း ပြည်ပဈေးကွက်တွင်မူ တစ်ပိဿာ ကျပ် ၇၀၀၀ ဝန်းကျင်မှ ကျပ် ၈၀၀၀ ကျော်အထိ မြင့်တက်နေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *