၂၅. ၄. ၂၀၂၄
Written by Shwe Phyo

ထိုင်းရဲမှူးကြီး ဝီရာချိုင်း တင်ခါမွတ် ဦးဆောင်သော ရဲတပ်ဖွဲ့သည် ပတ္တယားမြို့၊ ဆွိုင်ခိုဖိုင်းအရပ်ဒေသရှိ နေအိမ်ကို စီးနင်းခဲ့ပြီးနောက် မြန်မာနိုင်ငံသားအမျိုးသား ၁၉ ဦးနှင့်အမျိုးသမီး ၂ ဦးတို့ကိုဖမ်းဆီးလိုက်ပြီး အဆိုပါ ဖမ်းဆီးရမိသူအားလုံးသည် နိုင်ငံကူးလက်မှတ် သို့မဟုတ် ဗီဇာ မရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က အတည်ပြု
ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံသားတစ်ဦး ငှားရမ်းထားသောအိမ်များတွင် ဆူညံခြင်းများရှိနေသည့်အတွက် စုံစမ်းအရေးယူပေးရန်တိုင်တန်းချက်ကို လက်ခံရရှိခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့က စီးနင်းခဲ့ခြင်းဖြစ်သည်။ အိမ်ရှင်ဖြစ်သူ ထိုင်းနိုင်ငံသား Somphoch Cheablam က ၎င်း စတင်ငှားရမ်းချိန်က တရားဝင်အထောက်အထားရှိသော မြန်မာနိုင်ငံသားများကို ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း ငှားရမ်းခဲ့သော မြန်မာနိုင်ငံသားများမှ တရားဝင်စာရွက်စာတမ်းမရှိသော မြန်မာနိုင်ငံသားများကို အိမ်တွင်လာရောက်နေထိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းမျိုးဖြစ်ကြောင်း ပြောဆိုထားသည်။

မြန်မာနိုင်ငံသားများထံမှ အိမ်ငှားရမ်းခအဖြစ် တစ်လကိုဘတ် ၂၀၀၀ ရရှိပြီး ကနဦး ဘတ် ၁၀၀၀ အရင်ရယူခဲ့ကြောင်း အိမ်ရှင်ဖြစ်သူက ဝန်ခံထားသည်။ ထိုင်းနိုင်ငံသားအိမ်ရှင်ဖြစ်သူသည်လည်း တရားမဝင် နိုင်ငံခြားသားများကို ငှားရမ်းခြင်းများအတွက် ဥပဒေအရ တရားစွဲဆိုခံရဖွယ်ရှိနေကြောင်း သိရသည်။ ပတ္တယားမြို့ရဲတပ်ဖွဲ့သည် ဖမ်းဆီးခဲ့သော မြန်မာနိုင်ငံသားတစ်ဦးချင်းစီကို စုံစမ်းစစ်ဆေးနေပြီး မိခင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသို့ ပြန်ပို့သွားဖွယ်ရှိနေကြောင်း သိရသည်။

REF ,aseannow

Leave a Reply

Your email address will not be published. Required fields are marked *