၂၅. ၄. ၂၀၂၄
Written by Shwe Phyo

မြန်မာအစိုးရသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရောက်ရှိနေသည့် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၂၈၅ ဦးကို ယနေ့ ဧပြီ ၂၅ ရက်တွင် သင်္ဘောဖြင့် မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၂၈၅ ဦးထဲတွင် ၆၁ ဦးက မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး အခြားသူများက တပ်မတော်သားများဖြစ်ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့နှင့် ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့ တာဝန်ရှိသူများက Naikongchhari နယ်ခြားစောင့်တပ်ဖွဲ့(BGB)တပ်ရင်းသည် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၂၈၅ ဦးကို ဧပြီ ၂၅ ရက်နေ့ နံနက် လေးနာရီတွင် ဘက်စ်ကားများဖြင့် ကော့ဘဇားဒေသရှိ ဘတ်ခါလီမြစ်နားကိုပို့ဆောင်ကာ အဆိုပါမြစ်မှတဆင့် BIWTA Jetty သင်္ဘောဖြင့် ခေါ်ဆောင်ခဲ့ပြီး မြန်မာရေတပ်တပ်ဖွဲ့က ဘင်္ဂလားပင်လယ်အော်တွင် နံနက် ၆ နာရီခွဲ၌ ပြန်လည်လွှဲပြောင်းခေါ်ယူခဲ့သည်။

မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ မြန်မာအစိုးရတာဝန်ရှိသူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြန်လည်လွှဲပြောင်း မရယူခင် မည်သူမည်ဝါဖြစ်သည်ဆိုသောအချက်နှင့် စာရွက်စာတမ်းအားလုံးကို အသေးစိတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာအစိုးရသည် ဧပြီ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခံထားရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ပြီး နောက်တစ်ရက်အကြာတွင် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအာဏာပိုင်များသည် ပြီးခဲ့သော ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ အကောက်ခွန်ဌာနတာဝန်ရှိသူများ အပါအဝင် မြန်မာနိုင်ငံသား ၃၃၀ ဦးကို မိခင်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းခေါ်ယူခဲ့ဖူးကြောင်း သိရသည်။

REF dhakatribune

Leave a Reply

Your email address will not be published. Required fields are marked *

Related News