၂၅. ၄. ၂၀၂၄
Written by Thettant

၂၀၂၅ ခုနှစ်တွင် အခြေခံပညာကျောင်းများတွင် သာမက တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင်လည်း လူရည်ချွန်မောင်မယ်များ ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။

ထို့အတွက် လာမည့်ဇွန်လတွင် ဇွန်လတွင် အဆင့်မြင့် ပညာ၊ ဆရာအတတ်ပညာနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ကျောင်းများပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ပရိဘောဂများ ပြည့်စုံကောင်းမွန်စေရေးအတွက် ယခုကတည်းက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်နှင့် ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်း အပြည့်အဝရရှိစေရေး ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အလားတူ မိမိတို့ကျောင်းရှိ စာကြည့်တိုက်များတွင် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများရရှိစေမည့် အကျိုးရှိထိရောက်သော စာအုပ်စာတမ်းများ ဖြည့်ဆည်းဆောင်ရွက်ကြစေလိုကြောင်း၊ အခြေခံပညာကျောင်းများတွင် စာသင်ကြားရုံသာမက အားကစားချိန်တွင် အမှန်တကယ် အားကစားပြုလုပ်ကြရန်နှင့် ကျောင်းစာကြည့်တိုက်တွင် စာဖတ်ရန် အချိန်ဇယား ထည့်သွင်းရေးဆွဲကျင့်သုံးကြရမည်ဖြစ်ကြောင်း၊ ကျောင်းများတွင် အားကစားပြိုင်ပွဲများ ကျင်းပပေးရန်နှင့် စုပေါင်းလုပ်ဆောင်သည့် အလေ့အကျင့်ကောင်းများရရှိရန်အတွက် အသင်းအဖွဲ့ဖြင့် ကစားရသည့် ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ လှေလှော်၊ ပြေးခုန်ပစ် အားကစားနည်းများ ကစားကြစေလိုကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့ ကျောင်းသား ကျောင်းသူများ အမှန်တကယ်ပညာတတ်စေရေး၊ ယဉ်ကျေးလိမ္မာ၍ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ တိုင်းချစ်ပြည်ချစ် စိတ်နှင့် မျိုးချစ်စိတ်ရှိသူများ ဖြစ်စေရေးအတွက် ပြုစုပျိုးထောင်သင်ကြားပေးကြရမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄)ကို ကျင်းပသွားမည်ဖြစ်ရာ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ‌ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

လူရည်ချွန်စီမံကိန်းကို ၁၉၆၄ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့ရာ ၁၉၈၈ ခုနှစ်၌ (၂၅) ကြိမ်မြောက် ငွေရတုလူရည်ချွန်စီမံကိန်းကို ဆောင်ရွက်နိုင်ခဲ့သည်။ ထို့နောက် ၁၉၈၈ ခုနှစ်တွင် ရပ်နားခဲ့သော လူရည်ချွန် စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် “ဘက်စုံပညာ ထူးချွန် လူငယ်” စီမံကိန်းအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် “ဘက်စုံပညာ ထူးချွန်လူငယ်” စီမံကိန်းအစား “လူရည်ချွန်စီမံကိန်း” အမည်ဖြင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် လူရည်ချွန်မောင်မယ်များကို ရွေးချယ်နိုင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေအရ လူရည်ချွန်စခန်းများသို့ စေလွှတ် ခြင်းကို ရပ်နားခဲ့ရသည်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် နှင့် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်တို့တွင် ရောဂါကူးစက် ပြန့်ပွားမှုထိန်းချုပ်မှအခြေအနေအရ လူရည်ချွန် စီမံကိန်းကို ခေတ္တရပ်နားခဲ့ရာမှ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်တွင် ပြန်လည်အကောင်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး အလယ်တန်းအဆင့်၏ နောက်ဆုံးအတန်း အဋ္ဌမတန်း (Grade-9) နှင့် အထက်တန်းအဆင့် (ဒသမတန်း၊ ဧကာဒသမတန်း) ကျောင်းသား ကျောင်းသူများမှ လူရည်ချွန် ၄၇၈ ဦးကို ရွေးချယ်ကာ လူရည်ချွန်စခန်းများသို့ ပို့လွှတ်နိုင်ခဲ့သလို ၂၀၂၃ -၂၀၂၄ ခုနှစ်အတွက် ရွေးချယ်ခံရသည့် လူရည်ချွန် ကျောင်းသား ကျောင်းသူများအဖွဲ့ကလည်း ဧပြီ ၂၄ ရက်တွင် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့ကို သွားရောက်ဖူးမြော်ကြပြီး ထိုအဖွဲ့တွင်ကချင်ပြည်နယ်မှ ၃၂ ဦး၊ ကရင်ပြည်နယ်မှ ရှစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၄၀၊ တနင်္သာရီတိုင်းဒေသကြီးမှ ၂၂ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၄၈ ဦး၊ မကွေးတိုင်းဒေသကြီး မှ ၄၆ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၆၄ ဦး၊ မွန်ပြည်နယ်မှ ၂၄ ဦး၊ ရခိုင် ပြည်နယ်မှ ၃၀ ၊ ရန်ကုန်တိုင်းဒေသကြီးမှ ၈၀၊ ရှမ်းပြည်နယ်မှ ၈၀၊ ဧရာဝတီတိုင်းဒေသကြီးမှ ၆၄ ဦး နှင့် နေပြည်တော်မှ ၁၆ ဦး စုစုပေါင်း ၅၅၄ ဦးနှင့် ကြီးကြပ်သူ ၆၄ ဦး ပါဝင်ကြောင်း သိရသည်။

ပုံစာ။ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို လေ့လာဖူးမြော်နေသော ၂၀၂၃ – ၂၀၂၄ လူရည်ချွန်မောင်မယ်များမြင်ကွင်း

Leave a Reply

Your email address will not be published. Required fields are marked *