၂၄. ၄. ၂၀၂၄
Written by Nay Mimoe

ရှမ်းနဲ့ ကယားနယ်စပ် မိုးဗြဲမြို့အနီးက ခမရ ၄၂၂ ကိုတိုက်ခိုက်နေကြတဲ့ ကယားနဲ့ PDF တပ်ပေါင်းစုရဲ့ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ တပ်ရင်း ၈၀၅ က စနိုက်ပါရဲဘော် အာလူးနဲ့ အခြား PDF တချို့ ဒီနေ့ထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။

“အောင်ပန်းမြို့ ရွာသစ်ရွာဇာတိဖြစ်တဲ့ အသက် ၃၀ အရွယ် ကိုအာလူးက အရင်တုန်းကတော့ ရှမ်းပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ရဲ့ ယာဥ်မောင်း အဖြစ် NLD ပါတီကို ဝန်းရံခဲ့သူပါ။ ရိုးရာခြင်းလုံးမှာလည်း ရှမ်းပြည်နယ်ကိုယ်စားပြုခဲ့သူပါ။ သားအလတ်ဖြစ်ပြီးတော့ မိသားစုကို ကုန်ကားမောင်းပြီး ထောက်ပံ့ခဲ့သူလည်းဖြစ်ပါတယ်။ ညီအငယ်ဆုံးဖြစ်သူကတော့ တော်လှန်ရေးကာလအတွင်းမှာ UG လုပ်ရင်း ဖမ်းဆီးခြင်းခံခဲ့ရပြီး ထောင် ၁၅နှစ်ချမှတ်ခံနေရဆဲပါ”လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာနက စနိုက်ပါအာလူးသေဆုံးမှုကို မှတ်တမ်းပြုပါတယ်။

စနိုက်ပါအာလူးအပြင် PDF ရဲဘော်အာကာကျော် (ခ) R2 ပါ ဒီနေ့တိုက်ပွဲမှာ သေဆုံးခဲ့တာဖြစ်သလို အမှတ် (၈၀၅)နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်ကောင်းကင်ကလည်း ရှမ်းပြည်တောင်ပိုင်း စစ်
ဆင်ရေး တစ်ခုမှာ ဧပြီ ၂၀ ရက်နေ့က သေဆုံးသွားတယ်လို့ အမှတ် (၈၀၅)နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

မိုးဗြဲမြို့နယ်က ခမရ (၄၂၂) ကို ကယားနဲ့ PDF တပ်ပေါင်းစုက သိမ်းဖို့ကြိုးစားနေပေမဲ့ နှစ်ပတ်အတွင်းမှာကို ကယားနဲ့ PDF တပ်ပေါင်းစုဘက်က ၂၅ ဦးသေပြီး ၁၅ ဦးခြေထောက်ပြတ်ထားတယ်လို့ သတင်းထွက်အပြီးမှာ သုံး​ယောက်ထပ်သေခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News