၂၄. ၄. ၂၀၂၄
Written by Hey Mar

ဘုရားထီးတင်ပွဲ အလှူကနေ ပြန်လာတဲ့ Light Truck ယာဥ် တိမ်းမှောက်ပြီး တစ်ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရတဲ့ဖြစ်စဥ် ဒီနေ့ ဧပြီ ၂၄ ရက် ညနေ ၄ နာရီဝန်းကျင်က ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်အပိုင်ထဲမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က ကျွဲပွဲမြို့ တောင်ဘက် ကျောက်တိုင်ရွာ တံတားအနီးမှာဖြစ်ပွားခဲ့ပြီး အလှူပြန်ယာဥ်ဟာ ရှေ့ဘီးပေါက်ကာ တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။

မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ရင်ခုန်ရှင်သန်ရေး ရှင်ရေးကူညီမှုအသင်း တာဝန်ရှိသူက ” အနောက်သရက်တောကနေ ဘုရားထီးတင်ပြီး ပြန်လာကြတာလို့ ကြားတယ်။ ဒေါ်နှင်းရွှေဆိုတဲ့ အသက် ၄၀ ဝန်းကျင် အမျိုးသမီး တစ်ဦးပဲ နေရာတင်ဆုံးတယ်။ ကျန်တဲ့သူတွေက အနီရောင်အဆင့် သုံးယောက်ပါတယ်။ ကျန်တာ အဝါရောင်အဆင့်လောက်ပါပဲ။ အမျိုးသမီးတစ်ဦး ဆုံးတာလည်း မှောက်တဲ့အချိန် လူချင်းပိတာတွေ ဘာတွေ အကျမတော်တာနေမယ် ဇာတ်ကျိုးသေတာ ” လို့ MT News ကို ပြောပါတယ်။

ယာဥ်ပေါ်လိုက်ပါလာသူတွေက အိုဘိုကုန်းကျေးရွာကလို့ သိရှိရပြီး ကားတစ်ပတ်လည်ပြီး တိမ်းမှောက်ရာမှာ ယာဥ်ပေါ်ပါလာသူ ၁၅ ယောက်လုံး ထိခိုက်ဒဏ်ရာရသလို တစ်ယောက်သေဆုံးကာ သုံးယောက်စိုးရိမ်ရဒဏ်ရာရရှိခဲ့တာကြောင့် တောင်ငူဆေးရုံကြီးဆီ ပို့ဆောင်ကုသနေရတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *