၂၄.၄.၂၀၂၄
Written by KL

ပဲခူးမြို့၊ ဈေးပိုင်းရပ်ကွက်၊ ပဲခူးမြစ်ကူးတံတားအဆင်း မင်းလမ်းမပေါ်တွင် ဧပြီလ ၂၃ ရက် ည ၇ နာရီခွဲခန့်က လူ ၃ ဦးစီးနင်းလာသော ဆိုင်ကယ်ကို ကားဝင်တိုက်ရာမှ ၂ ဦးသေဆုံးပြီး ၁ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဥ်မှာ ပဲခူးဈေးကြီးဘက်မှ ဘူတာကုန်းဘက်သို့ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးတို့ စီးနင်းလိုက်ပါလာသော အနက်ရောင် ဆိုင်ကယ်ကို မီးခိုးရောင် Kluger မော်တော်ယာဉ် ၁ စီးက အနောက်မှ ဝင်တိုက်ခဲ့ပြီး ထွက်ပြေး​မောင်းနှင်သွားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ ဦးအောင်မျိုးလင်း(၄၀နှစ်)၊ ဆိုင်ကယ်အနောက်မှ လိုက်ပါလာသောဒေါ်သီတာမိုး(၅၅နှစ်)တို့မှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ကိုအောင်ဆန်းဦး (၂၃နှစ်)မှာ ပြင်းထန်ဒဏ်ရာများရရှိကာ အသက်အန္တရာယ် စိုးရိမ်ရသဖြင့် ပဲခူးမြို့ရှိပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ဒဏ်ရာရရှိသူများကို ကလျာဏမိတ္တ နာရေးကူညီမှုနှင့်လူမှုကူညီရေးအသင်းကြီး-ပဲခူးမြို့၊ သကျနွယ် လူမှုကူညီရေးအသင်းတို့က အသင်းဝင်များက သွားရောက်ကူညီခဲ့ပြီး ပဲခူး​မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

“ဖြစ်ဖြစ်ချင်းတော့ အမျိုးသားတစ်ယောက်ဆုံးတယ်။ ဆေးရုံပို့ချိန်မှာပဲ အမျိုးသမီးတစ်ယောက် ထပ်ဆုံးတယ်။ သတင်းရရချင်း လူနာသွားသယ်ပေးလိုက်တာပါ”ဟု ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် သကျနွယ် လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးကပြောသည်။

ထွက်ပြေးသွားသည့် မော်တော်ယာဥ်ကို ရဲတပ်ဖွဲ့ဝင်များက ရှာဖွေရာ ပဲခူးမြို့၊ ဥဿာမြို့သစ်(၈)ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၁/၅)နှင့်(၁/၆)ကြားတွင် တွေ့ရှိခဲ့​ပြီးယာဥ်ပိုင်ရှင် ဗိုလ်ကုန်းရပ်ကွက်၊ ပဲခူးမြို့နေသူဦးတင်ဦး(၆၀နှစ်)ကို ဖမ်းမိခဲ့၍ ပဲခူးမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *