၂၄. ၄. ၂၀၂၄
Written by Phyo Wei

ဧပြီ ၁၇ ရက်က ကျရောက်တဲ့ “ဝ” ပြည် ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်မြောက် အခမ်းအနားကို TNLA, MNDAA, AA ရဲ့ စစ်ဦးစီးချုပ်တွေ တက်ရောက် ဂုဏ်ပြုတယ်လို့ UWSA ရဲ့ Wa Channel က ​ဖော်ပြလာသလို ရခိုင်မှာစစ်ရေးဆင်တိုက်ခိုက်နေတဲ့ AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်ကို အထူးတလည်ထောက်ခံတဲ့သဘောနဲ့ ဖော်ပြပေးခဲ့တဲ့ ဒီတစ်ပတ်မှာပဲ မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်စေဖို့၊ စုစည်းညီညွတ်မှုဖြစ်စေဖို့နဲ့ ရေရှည်တည်တံ့မဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ထိုင်းအစိုးရက အာဆီယံအပြင် အိန္ဒိယ၊ တရုတ်နိုင်ငံတို့နဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်ရမယ်လို့ ထိုင်းအောက်လွှတ်တော်ရဲ့ နိုင်ငံခြားမူဝါဒရေးရာ ကော်မတီဥက္ကဋ္ဌ နော့ပါဒွန် ပက်တာမာက တိုက်တွန်းတောင်းဆိုခဲ့တဲ့ဖြစ်စဥ်ကို တွေ့ရပါတယ်။

အခြားတစ်ဖက်မှာလည်း စင်ကာပူအခြေစိုက် အဖွဲ့အစည်း၊ ကုမ္ပဏီတွေကနေ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတင်ပို့ရောင်းချမှုတွေက ၈၃ ရာခိုင်နှုန်းအထိ လျော့နည်းကျဆင်းလာခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူအခွင့်ရေးအထူးကိုယ်စားလှယ် သောမတ်အန်ဒရူးက ဖွင့်ဟလိုက်တဲ့ဖြစ်စဥ်တွေ၊ အိန္ဒိယနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့လို မြန်မာ့ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးမှာ ပါဝင်ဖို့အချိန်တန်ပြီလို့ တိုက်တွန်းတဲ့ဖြစ်စဥ်တွေနဲ့ အကြမ်းဖက်မှုတွေကြောင့် မဖွင့်လှစ်နိုင်တဲ့ကျောင်းတွေ ဒီပညာသင်နှစ်မှာ ဖွင့်နိုင်ဖို့အရေး ဖြစ်စဥ်တွေရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကိုတော့ AA လက်နက်ကိုင်တွေရဲ့ ဘင်္ဂါလီတွေကို စစ်သားအဖြစ်စုဆောင်းဖို့ ကြိုးပမ်းမှုတွေ၊ ကရင်ပြည်နယ်က အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေနဲ့ ကရင်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းထားပြီးပြီဆိုတဲ့ မြဝတီကို တပ်မတော်က ပြန်လည်ထိန်းကျောင်းလိုက်တဲ့ စစ်ရေးအချိုးအကွေ့အပေါ်ရှုမြင်မှုတွေကို သုံးသပ်ချင်ပါတယ်။

ဘင်္ဂါလီကို AA က စစ်သားစုဆောင်းမှု

စစ်သားစုဆောင်းဖို့အတွက် ဘူးသီးတောင်ဒေသက မွတ်စလင်ကျေးရွာတစ်ခုကို လူလတ်ပိုင်း အယောက် ၂၀၀ ပေးပို့ဖို့ AA က ခြိမ်းခြောက်တောင်းဆိုနေတာ ဖုံးကွယ်နိုင်ဖို့ AA ခေါင်းဆောင် ထွန်းမြတ်နိုင်ကိုယ်တိုင် လူမျိုးရေးပဋိပက္ခဖြစ်အောင် ဘူးသီးတောင်၊ မောင်းတောဒေသမှာ ဟိန္ဒူဘာသာဝင် ၁၆၀၀၊ ဗုဒ္ဓဘာသာဝင် ၁၂၀ ကို အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ လူမှုကွန်ရက်ကတစ်ဆင့် မဟုတ်မမှန် သတင်းထုတ်လွှင့်နေသလို ဒီလိုမျိုးလှုံ့ဆော်မှုသတင်းတွေကို အိန္ဒိယမီဒီယာတစ်ခုဖြစ်တဲ့ The Indian Express သတင်းဌာနကလည်း ရေးသားဖော်ပြခဲ့တာပါ။

“သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက်နဲ့ နှစ်ဆန်းတစ်ရက် ဧပြီ ၁၇ ရက်မှာတော့ AA အနေနဲ့ ဘူးသီးတောင်တစ်ဝိုက်မှာရှိတဲ့ ရွာတွေကို အသံချဲ့စက်နဲ့ မွတ်စလင်ရွာတွေကို အသံချဲ့စက်နဲ့ လိုက်အော်ပြီးတော့ ကျေးရွာအုပ်စုတစ်စုကို လူလတ်ပိုင်း အယောက် ၂၀၀ AA ကိုပေးဖို့ တောင်းဆိုနေတာရှိတယ်။ ပြီးရင် တပ်ကိုဆန့်ကျင်ဖို့။ မပေးရင် သူတို့အနေနဲ့ အတင်းအကျပ် ဖမ်းဆီးရမယ်။ ပြီးရင်နေရာပြောင်းမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။ ဒါတွေဟာ တကယ့် လက်တွေ့မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဖြစ်တယ်။ ဒီအဖြစ်အပျက်တွေကို ဖုံးကွယ်ချင်တဲ့အတွက် ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဖုံးကွယ်ချင်တဲ့အတွက် မဟုတ်မမှန် စွပ်စွဲပြောဆိုတာမျိုးဖြစ်တယ်ဆိုတာ ကျွန်တော် ပြောချင်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

တကယ်တော့ ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေအများစုဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ အဓိကနေနေကြပြီး AA နဲ့ ARSA က လူကုန်ကူးတာကို ခံနေရသလို AA က ရခိုင်မြောက်ပိုင်းမြို့တွေ သိမ်းလာနိုင်ချိန်မှာ ဒီမြို့တွေကို ဆက်ထိန်းထားဖို့နဲ့ အောက်ခြေကအသေခံစစ်သားအဖြစ် အသုံးချဖို့ သန်းနဲ့ချီတဲ့ လူအုပ်စုရှိပြီး အရွယ်ကောင်းတွေများတဲ့ ဘင်္ဂါလီတွေကို မျက်စိကျနေတာပါ။ ဒါကြောင့်လည်း ခြိမ်းခြောက်သတ်ဖြတ်လူစုတာလည်း အမှန်အကန်လုပ်နေသလို ထွန်းမြတ်နိုင်ကိုယ်တိုင်ကလည်း ဘင်္ဂါလီတွေခေါ်စေချင်တဲ့ ရိုဟင်ဂျာလို့မသုံးဘဲ ဘင်္ဂါလီလို့သုံးတာကြောင့် ဝေဖန်မှုခံနေရတာပါ။ သေချာတာကတော့ ဘင်္ဂါလီတွေကို ကျွန်လိုထား၊ အသေခံတပ်သားမွေးထုတ်ချင်တဲ့ ထွန်းမြတ်နိုင်နဲ့ AA ကို အလိုမရှိဘူးလို့ ဘင်္ဂါလီမွတ်ဆလင်တွေက ဆန္ဒပြနေပြီဖြစ်သလို အခုရက်ပိုင်းမှာလည်း မောင်းတောက ဘင်္ဂါလီငါးဦးကို AA က ဖမ်းဆီးသတ်ဖြတ်လိုက်လို့ ကန့်ကွက်မှုရှိနေတာပါ။ ဒါတွေကို AA အနေနဲ့ ဘယ်လိုကျော်ဖြတ်လူစုမလဲ၊ သိမ်းထားတဲ့မြို့တွေ ဘယ်လိုဆက်ထိန်းမလဲကလည်း စိတ်ဝင်စားစရာပါ။ ပိုပြီးစိတ်ဝင်စားစရာက ဘင်္ဂါလီအရေးလှုပ်ရှားတဲ့အုပ်စုတွေက AA ရဲ့လုပ်ရပ်ကို ဝေဖန်တာမရှိဘဲ မသိကျိုးကျွံပြုနေတာပါ။ သူတို့ကိုယ်တိုင်ကလည်း AA နဲ့ပေါင်းပြီး ဘင်္ဂါလီတွေကို လူကုန်ကူး၊ လက်နက်ကိုင်လူစုပြီး အင်အားစု၊ Fund ရှာဖို့ပဲတွေးနေသလားဆိုတာတော့ ချိန်ဆစရာပါ။

လှုပ်ခတ်လာတဲ့ ကရင် ခွင်က ကျားဖြန့်

KNU ထိန်းချုပ်ထားတဲ့ KK Park ထံ လူကုန်ကူးခံရပြီး တရုတ်ကျားဖြန့်လုပ်ငန်းတွေ လိမ်လည်မှု လုပ်ကိုင်နေကြရတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၂၄ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ရေးသားလာပြီး ဒီသတင်းမှာကို မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေပေမဲ့ နယ်စပ်ကနေ လိမ်လည်နေတဲ့ တရုတ်ကုမ္ပဏီတွေကတော့ လည်ပတ်နေဆဲဖြစ်တယ်လို့ ဖိလစ်ပိုင်ဗိုလ်မှူးကြီး မာတာလန်းက ပြောကြားခဲ့တာ၊ သတင်းတွေမှာ ဖော်ပြချက်အရ KK Park Project ဟာ KNU နဲ့ တရုတ်ကုမ္ပဏီတွေရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လောင်းကစား၊ အချစ်ရေးလိမ်လည်မှုတွေနဲ့ လူကုန်ကူးမှုတွေလုပ်ကိုင်နေကြတဲ့ ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလက တရုတ်ကုမ္ပဏီဟာ KNU ဧရိယာမှာ ဧက ၁၀၀ ကို နှစ် ၃၀ ငှားရမ်းခဲ့တယ်လို့ ရေးသားထားတာပါ။

ဒါပေမဲ့လည်း မြဝတီမြို့ကို သိမ်းထားတယ်ဆိုတဲ့ KNU ပူးပေါင်းအဖွဲ့တွေ ဆုတ်ခွာအပြီး ရေးလာတဲ့ အမေရိကန် USIP ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ BGF က ဗိုလ်မှူးကြီးစောချစ်သူ၊ ဒုဗိုလ်မှူးကြီးမုတ်သုန်နဲ့ ဗိုလ်မှူးတင်ဝင်းတို့ကို အဓိကတည်ရေးထားပြီး DKBA မှာ ဗိုလ်မှူးချုပ်ဖြစ်ခဲ့တဲ့ စိုင်းကျော်လှကိုလည်း ဆွဲထည့်ထားပေမဲ့လည်း ကျားဖြန့်လုပ်ငန်းတွေကို အဓိကထိန်းချုပ်ထားတဲ့ KNU ကိုတော့ ရာထူးကဆက်အရွေးမခံရတော့တဲ့ ကာကွယ်ရေးဌာနမှူးဟောင်း ဖဒိုစောရော်ဂျာခင်တစ်ယောက်ကိုပဲ ထည့်ထားပြီး စောရော်ဂျာခင်နဲ့အတူ KK Park ကို လုပ်ခွင့်ပြု လက်မှတ်ထိုးခဲ့တယ်လို့ လူမှုကွန်ရက်မှာ အထောက်အထားပျံ့နှံ့နေတဲ့ အဲဒီအချိန်က KNU ဒုဥက္ကဋ္ဌဖြစ်ပြီး လက်ရှိ KNU ဥက္ကဋ္ဌဖြစ်နေတဲ့ ဖဒိုစောကွယ်ထူးဝင်းကိုတော့ တစ်လုံးမှထည့်မထားသလို USIP ကိုယ်တိုင်က ကာကွယ်ပေးခဲ့တာလည်း မြင်ခဲ့ရတာပါ။

သေချာတာကတော့ အမေရိကန်ဟာ သူ့လက်အောက်ခံထိုင်းကနေတစ်ဆင့် မြဝတီကိုထိန်းချုပ်ရေးကြိုးပမ်းမှုမှာ KNU ရဲ့ ကျားဖြန့်လုပ်ငန်းတွေကို ထိန်းဖို့ထက် BGF ၊ DKBA တို့ကို အရင်ဖြိုချင်တဲ့ သဘောပါပဲ။ ဒါကြောင့်မို့လို့လည်း အဲဒီဒေသမှာ လက်နက်ကိုင်ရော ကျားဖြန့်ရော အင်အားအကြီးဆုံး KNU ကို USIP ကိုယ်တိုင်က ဖော့ရေးခဲ့တဲ့အခြေအနေပါ။ ဒါပေမဲ့လည်း လူမှုကွန်ရက်မှာကို BGF ဗိုလ်မှူးကြီးစောချစ်သူရဲ့ ရွှေကုက္ကိုလ်က ကျားဖြန့်အကုန်လုံးဟာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ရှယ်ယာတွေချည်း၊ ဗိုလ်မှူးကြီးစောချစ်သူက မြေငှားပေးရုံပဲလို့ ပြောနေသံတွေလည်းရှိနေတာမို့လို့ KNU ကို ပေါင်းပြီး ကျားဖြန့်ဖြိုချင်တဲ့ အမေရိကန်အဖို့ လူပေါင်းမှားတဲ့အခြေအနေပါ။ ဒါပေမဲ့လည်း အမေရိကန်ရော၊ တရုတ်ရောပါ ဖြိုခွင်းချင်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေက မြဝတီဒေသမှာ အလုံးအရင်းနဲ့အားကောင်းနေတာကိုက မြဝတီဒေသ မီးစာမငြိမ်းဖို့ဖြစ်လာသလို မြန်မာနိုင်ငံအဖို့လည်း ဒီလိုမျိုး တရုတ်ရာဇဝတ်ဂိုဏ်းတွေ မြန်မာ့မြေမှာ ကြီးစိုးနေတာက နိုင်ငံလည်းရုပ်ပျက် အချုပ်အခြာအာဏာ ထိပါးစေတဲ့ လက်နက်တပ်ဆင်တိုက်ပွဲဝင်ခိုင်းမှုတွေလည်း ဆက်ဖြစ်နေနိုင်တာမို့ မြဝတီမြေပေါ်က ကျားဖြန့်တွေအမြစ်ပြတ်ဖို့တော့ တာဝန်ရှိသူတွေ အသေအချာ စဥ်းစားစီမံရပါလိမ့်မယ်။

မြ၀တီအချိုးအကွေ့

ကျားဖြန့်ကို အရင်းတည်ပြီး တရုတ်နယ်စပ်မှာ AA၊ MNDAA၊ TNLA၊ BPLA၊ BNRA၊ PDF စုပေါင်းတိုက်လို့ဆိုပြီး လူအင်အား ၂၀၀၀ ကျော် ၃၀၀၀ နဲ့ လောက်ကိုင်ဒကစ လက်နက်ချဖြစ်စဥ်က လူသိများခဲ့ပါတယ်။ ဒါပေမဲ့ တစ်မြို့လုံးသိမ်းထားနိုင်ပြီလို့ ကြွေးကြော်ခံထားရပြီး မြို့စောင့်တပ်ဆိုတဲ့ ခလရ (၂၇၅)မှာ လူအနည်းငယ်ပဲကျန်ချိန် လူအင်အား ၂၀၀ လောက်နဲ့ ချစ်ကြည်ရေးအမှတ်(၂) တံတားနားမှာ စခန်းချနေခဲ့တာပါ။ အဲဒီအချိန်က ဧပြီ ၁၁ ရက်မှာ KNU ဘက်က မြို့သိမ်းနိုင်ပြီကြေညာချိန်ဖြစ်ပြီး နောက်ထပ် ၁၁ ရက်ကြာ လက်နက်မချဘဲ ခံစစ်ပြင်နေခဲ့တာပါ။

ဧပြီ ၁၉ ရက် ည ၇ နာရီလောက်မှာတော့ လူ ၂၀၀ လောက်ပဲရှိတဲ့ ခလရ (၂၇၅) က တပ်သားတွေကို လူအင်အားထောင်ချီတဲ့ KNU နဲ့ PDF စစ်ကြောင်းတွေက အလွန်ပြင်းထန်တဲ့ဒရုန်းဗုံးတွေနဲ့ တစ်ညလုံးကြဲချပြီး မနက်လင်းစမှာတင် Main Gate ကို ဖောက်ဝင်လာပြီး လက်နက်ချဖို့ စစ်ဆိုင်ထားချိန်မှာပဲ လေကြောင်းတိုက်ခိုက်မှုစတင်တာပါ။ လူအင်အား ရာဂဏန်းကိုထောင်နဲ့ချီစစ်ဆိုင်ထားတဲ့ KNU ပူးပေါင်းစစ်ကြောင်းတွေဟာ လေယာဥ်သုံးလေးစီးနဲ့ ဆက်တိုက် အပစ်ခံရတဲ့အပြင် ထိုင်းဘက်က CCTV တွေအရ လေယာဥ်မမြင်ရဘဲ ဗုံးအကြဲခံရတာ၊ သူတို့တိုက်ခိုက်ခဲ့သလိုမျိုး ဒရုန်းတွေနဲ့ ကွက်တိပစ်ချခံရပြီး လူရာချီသေဆုံးတာတွေ ကြုံခဲ့ရချိန်မှာတော့ သိမ်းထားနိုင်ပြီဆိုတဲ့မြဝတီကနေ အကုန်ထွက်ပြေးကြတော့တာပါ။ ထွက်​ပြေးရာနောက်ကိုလည်း ပစ်ခတ်ရှင်းလင်းသလို တစ်ဖက်မှာလည်း အောင်ဇေယျစစ်ကြောင်းကြောင့် ကော့ကရိတ်မြို့က KNU နဲ့ PDF စစ်​ကြောင်းတွေလည်း အသေများတာကြောင့် ဆုတ်ပြေးကြရလို့ မြဝတီမြို့ဟာ KNU သိမ်းလိုက်ပြီဆိုတဲ့ အခြေအနေကနေ ဧပြီ ၂၂ ရက်မှာတော့ အံ့ဩဖွယ်ရာအခြေအနေအဖြစ် တပ်မတော်ရဲ့ ထိန်းကွပ်မှုအောက်ပြန်ရောက်သွားခဲ့တာပါ။ လူအင်အားထောင်ချီရှိသူတွေ လက်နက်ချပေမဲ့ လူအင်အားရာဂဏန်းလေးနဲ့တောင့်ခံခဲ့တဲ့ ခလရ (၂၇၅) ကြောင့် နိုင်ငံကိုကာကွယ်မဲ့ ကိုယ်ထင်ရာဘက်မှာ ရဲစွမ်းသတ္တိရှိသူတွေ မပြတ်တောက်သေးဘူးလို့ လူထုကြားယုံကြည်မှုပြန်တက်သွားသလို အမေရိကန်နဲ့ ထိုင်း ထိန်းချုပ်သွားမဲ့ အချုပ်အခြာအာဏာပိုင်နက်တစ်ခုကို ပြန်ရလိုက်တာကြောင့်လည်း ထင်ရှားတဲ့မာကြောကြံ့ခိုင်မှုအချိုးအကွေ့ဖြစ်သွားတာပါ။

လက်ရှိအချိန်မှာတော့ မြဝတီဟာ မူလအတိုင်းတည်ငြိမ်ဖို့၊ တိုက်ပွဲတွေကြောင့် ဖြစ်လာမဲ့ပြည်သူ့ဆုံးရှုံးမှုလျှော့ချဖို့၊ မြဝတီခရိုင်မှာ တိုက်ပွဲမဖြစ်ပွားဘဲ လူတိုင်းဘေးကင်းတဲ့ စီးပွားရေးဇုန်ဖြစ်ဖို့ တာဝန်ရှိသူတွေက ညှိနှိုင်းနေပြီလို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမဲ့လည်း မြဝတီအနီးရှိနေတဲ့ လက်နက်ကိုင်တွေရဲ့ ကျားဖြန့်တွေ၊ အမေရိကန်နဲ့တရုတ်က ကျားဖြန့်နှိမ်နင်းချင်တာတွေ၊ တရားဝင်ကုန်သွယ်မှုတောင် တစ်ရက်ဒေါ်လာ ၆ သန်းလောက်ရှိတဲ့မြို့မို့ အပိုင်ထိန်းထားချင်သူတွေ ပတ်လည်ဝိုင်းနေဆဲအခြေအနေနဲ့ အရှက်ရဆုတ်ခွာခဲ့ရတဲ့ KNU နဲ့ PDF တွေရဲ့ မကျေပွဲ၊ ကျားဖြန့်၊ အမေရိကန်-တရုတ်နဲ့ နယ်မြေချုပ်ကိုင်လိုသူတွေကြား အချုပ်အခြာအာဏာမပျက်ပြားရေးမျှခြေကို ရှာနိုင်ဖို့ အလွန်အရေးကြီးနေတဲ့အခြေအနေဖြစ်လို့ ပေါ့ပေါ့တန်တန်မတွေးပါနဲ့လို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ…။

Leave a Reply

Your email address will not be published. Required fields are marked *