၂၄.၄.၂၀၂၄
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်၊ ကုန်းနီရွာအရှေ့​တောင်ဘက် လျှိုမြောင်ကျောက်ဆောင်၌ ဧပြီလ ၂၃ ရက် ညနေပိုင်းက ဦးခေါင်းတစ်ခြား ကိုယ်တစ်ခြားဖြစ်နေသော အမျိုးသမီး အရိုးစုတစ်ခုကို ဒေသခံများက တွေ့ရှိခဲ့သည်။

အမျိုးသမီးအရိုးစု အလောင်းကို နွားကျောင်းသားများက စတင်တွေ့ရှိခဲ့ပြီး တာဝန်ရှိသူများထံ အကြောင်းကြားရာမှ ​ဒေသခံနာရေးကူညီမှုအသင်းက အလောင်းကို သွားရောက်သယ်ဆောင်ကာ ကူညီပေးခဲ့ကြောင်း သိရသည်။

“ဘယ်လိုကြောင့် သေဆုံးတာလဲဆိုတာတော့ မသိရပါဘူး။ သေဆုံးသူရဲ့အနားက သစ်ပင်မှာလည်း ကြိုးတန်းလန်းတော့တွေ့တယ်။ အလောင်းရဲ့တော်တော်များများမှာတော့ အသားမရှိတော့ဘူး”ဟု အလောင်းသွားရောက်သယ်ဆောင်ပေးခဲ့သူ တစ်ဦးကပြောသည်။

လတ်တလောတွင် အမျိုးသမီးအလောင်းမှာ ပိုင်ရှင်မဲ့ဖြစ်နေပြီး ယင်းနေ့တွင်ပင် မင်းဂူသုသာန်သို့ ပို့ဆောင်ကာမီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ အောင်ပန်းတွင် အမျိုးသမီးငယ်တစ်ဦး ပျောက်ဆုံးနေသည်ဟု သိရသော်လည်း နာရေးကူညီမှုအသင်းထံ လာရောက်ဆက်သွယ်ခြင်း မရှိသေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *