၂၄. ၄ .၂၀၂၄
Written by Hey Mar

မနေ့က ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်းက ပုဂံညောင်ဦးဒေသ နာမည်ကျော် နတ်သမီးကမ်းပါးရဲ့ ဧရာဝတီမြစ်ရေချိုးဆိပ်မှာ လူငယ် ၅ ဦး သောက်စားပျော်ပါးရင်း ရေဆင်းကူးရာကနေ တစ်ဦးနစ်မြုပ်ပျောက်ဆုံးနေတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပြီး အခု ဧပြီ ၂၄ ရက် မနက်ပိုင်းအထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးဘူးလို့ ညောင်ဦးမြို့နယ် မီးသတ်စခန်းကနေ သိရပါတယ်။

ညောင်ဦးမြို့၊ အမှတ် (၁) ရပ်ကွက်မှာတည်ရှိတဲ့ နတ်သမီးကမ်းပါးအနီးရေဆိပ်ဟာ မြစ်ကြမ်းပြင်ဇောက်က ဒယ်အိုးသဖွယ် ဖြစ်တည်နေတာကြောင့် ဒေသခံမဟုတ်သူတွေ ရေချိုးကစားပါက ဓာတ်မသိဘဲ အလွန်အန္တရာယ်များတယ်လို့လည်း ညောင်ဦးမီးသတ်စခန်း ဝာာဝန်ရှိသူက ဆိုပါတယ်။

“ရေနစ်ပျောက်ဆုံးတဲ့ လူငယ်က တောင်ဇင်းဘက်က သိရတယ်။ ဒေသခံတွေတော့ မဟုတ်ကြပါဘူး။ ဆွေမျိုးတွေဆီ အလည်လာတဲ့ သူတွေပါ။ သူတို့အဖွဲ့က ညီငယ် ၃ ယောက်၊ ညီမငယ် ၂ ယောက်၊ ပေါင်း ၅ ယောက်ပေါ့။ သောက်စားထားပြီး ရေဆင်းချိုးကြရာက အသက်၂၀ အရွယ် လူငယ်(ကျား) ၁ ဦး ရေနစ်ပျောက်ဆုံးနေတာပါ”လို့ ညောင်ဦးမီးသတ်တာဝန်ရှိသူကို MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။

ဒီကနေ့မနက်အထိ ပျောက်ဆုံးလူငယ်ကို ရှာဖွေရာမှာ ကြုံတွေ့ရတဲ့အခြေအနေကို ညောင်ဦးမီးသတ်တပ်ဖွဲ့တစ်ဦးက ပြောပြရာမှာ မြစ်ကြမ်းပြင်က ဒယ်အိုးသဏ္ဍန်ရှိပြီး အောက်ရေက ရေစီးကြမ်းကာ အပြင်ကိုကန်ထုတ် ပြောင်းပြန်စီးတဲ့အနေအထားရှိကြောင်း ရှင်းပြပါတယ်။

ရှာဖွေရေးလုပ်ငန်းစဥ်ကို ညောင်ဦးမီးသတ်တပ်ဖွဲ့က ဦးဆောင်ပြီး၊ အမှတ် (၁) အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ် (၅) အရန် မီးသတ်တပ်ဖွဲ့ဝင်များနဲ့အတူ ကရုဏာရှင် နာရေးအခမဲ့ကူညီမှုအသင်းသားများ၊ ရပ်ကွက်နေပြည်သူများ၊ သက်ဆိုင်သူများနဲ့ ဒေသခံ ရေငုပ်ကျွမ်းကျင်သူတွေက ပါဝင်ကူညီပေးနေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News