◼️ ယူကရိန်းသို့ စစ်ရေးအထောက်အပံ့များ တစ်ပတ်အတွင်း ပေးပို့နိုင်ရန် လက်မှတ်ထိုးအတည်ပြုမည်ဟု ဂျိုးဘိုင်ဒန် ပြော

၂၄.၄.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရ၏ ဒေါ်လာ ၉၅ ဘီလျံဖိုးရှိ ပြည်ပထောက်ပံ့အကူအညီပေးရေး အစီအစဉ်အား အထက်လွှတ်တော်က ဧပြီလ ၂၃ ရက်တွင် ဆက်လက်အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါအစီအစဉ်ကို အတည်ပြုနိုင်ရန် လပေါင်းများစွာနှောင့်နှေးနေခဲ့ပြီးနောက် ဧပြီလ ၂၀ ရက်တွင် အောက်လွှတ်တော်၌ အတည်ပြုနိုင်ခဲ့ကာ ယခုအခါ အထက်လွှတ်တော်ကပါ ထပ်မံအတည်ပြုခဲ့သဖြင့် သမ္မတဂျိုးဘိုင်ဒန်က နောက်ဆုံးလက်မှတ်ရေးထိုးပြီးပါက ဥပဒေအဖြစ် ထွက်‌ပေါ်လာမည်ဖြစ်သည်။

အထက်လွှတ်တော်က ထောက်ခံမဲ ၇၉ မဲ- ကန့်ကွက်မဲ ၁၈ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ကာ ဒီမိုကရက်ပါတီမှ အမတ် ၄၈ ဦးနှင့် ရီပတ်ဘလစ်ကန်ပါတီမှ အမတ် ၃၁ ဦးက ထောက်ခံခဲ့ကြသည်။ ရီပတ်ဘလစ်ကန် အမတ် ၁၅ ဦးနှင့် ဒီမိုကရက်ပါတီမှ အမတ်သုံးဦးက ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

ကွန်ဂရက်က ဤအစီအစဉ်အား အတည်ပြုနိုင်ခဲ့ခြင်းက သမ္မတဂျိုးဘိုင်ဒန်၊ ကွန်ဂရက်ရှိဒီမိုကရက်အမတ်များနှင့်အောက်လွှတ် တော်ဥက္ကဋ္ဌ မစ်ချ်မက်ကွန်နယ်လ်တို့အတွက် သိသာလှသော အောင်မြင်မှုတစ်ရပ်လည်းဖြစ်ခဲ့သည်။ မက်ကွန်နယ်လ်က ရီပတ်ဘလစ်ကန်ပါတီ၏ လက်ယာစွန်းအုပ်စုဝင် အမတ်ဖြစ်ကာ ယူကရိန်းသို့အကူအညီများတိုးပေးရေး ကာလကြာရှည်စွာကပင် တွန်းအားပေး တိုက်တွန်းလာသူဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ကွန်ဂရက်က အတည်ပြုပြီးနောက် ၎င်းက ဤတစ်ပတ်အတွင်း စတင် တင်ပို့သွားမည်ဟု ပြောခဲ့သည်။ အဆိုပါ ပြည်ပထောက်ပံ့ရေးအစီအစဉ်အရ ယူကရိန်းသို့ စစ်ဘက်လက်နက်ပစ္စည်းများအတွက် ၂၃ ဒသမ ၂ ဘီလျံဖိုးအပါအဝင်အထောက်အပံ့ ၆၀ ဒသမ ၈ ဘီလျံ၊ အစ္စရေးသို့ Iron Dome လေကြောင်းရန် ကာကွယ်ရေးစနစ်နှင့် ဒုံးကျည်ကာကွယ်ရေးစနစ်များအတွက် ၄ ဘီလျံဖိုး အပါအဝင် အထောက်အပံ့ ၂၆ ဒသမ ၄ ဘီလျံ နှင့် အင်ဒို-ပစိဖိတ်ဒေသ မဟာမိတ်များအတွက် ၈ ဒသမ ၁ ဘီလျံဖိုး အထောက်အပံ့များပြုသွားမည် ဖြစ်သည်။

Ref- CNN

Leave a Reply

Your email address will not be published. Required fields are marked *