၂၃.၄.၂၀၂၄
Written by TZ

တောင်ငူမြို့၊ စစ်တောင်းမြစ်အလယ်ကျွန်း၊ ရှမ်းပိုင်းတွင် ရေမကူးတတ်ဘဲ ရေဆင်းကူးသည့် အသက် ၁၉ နှစ်အရွယ်အမျိုးသားတစ်ဦး၏ရုပ်အလောင်းကို ၃ ရက်ကြာမှ ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ S. T. T Rescue ထံမှ သိရသည်။

ဖြစ်စဥ်မှာ ဧပြီလ ၂၁ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ရေမကူးတတ်သည့် သူငယ်ချင်းတစ်စုနှင့်အတူစစ်တောင်းမြစ်၊ ရှမ်းပိုင်းတွင် တစ်ဦးတည်းရေဆင်းကူးရာမှ ရေနစ်ခဲ့ကြောင်း၊ ဖြစ်စဥ်နေရာသို့ ထိုလူမှုကယ်ဆယ်ရေးအဖွဲ့ နှင့် ကရုဏာရင်ခွင်တောင်ငူအသင်းတို့မှ စစ်တောင်းမြစ်အတွင်း ရှာဖွေသော်လည်း ဧပြီလ ၂၃ ရက် နံနက် ၆ နာရီခွဲအချိန်မှသာ စစ်တောင်းမြစ် အလယ်ကျွန်းရွာ ဦးဖိုးလုံလမ်းကမ်းပါးတွင် ရုပ်အလောင်းကို ရှာဖွေနိုင်ခဲ့ကြောင်း သိရသည်။

“အခုရေနစ်တဲ့သူက ရေမကူးတတ်ဘဲ ရေထဲဆင်းသွားတာ။ အဲ့ဒီမှာသူက ရေနစ်သွားတာ။ သူ့သူငယ်ချင်းတွေကလည်း ရေမကူးတတ်ဘူး။ သူရေနစ်နေတာကို သူ့သူငယ်ချင်းတွေက မြင်တော့ ကျွန်တော်တို့အသင်းကို ဖုန်းဆက်အကူညီတောင်းတာ ” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ S. T. T Rescue မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

အဆိုပါရေနစ်သေဆုံးသည့် အမျိုးသားမှာ တောင်ငူမြို့၊ မင်းကြီးညိုရပ်ကွက်တွင်နေထိုင်သူဖြစ်ကြောင်း၊ ရုပ်အလောင်းကိုတောင်ငူဆေးရုံသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ -မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ S. T. T Rescue

Leave a Reply

Your email address will not be published. Required fields are marked *