၂၂. ၄. ၂၀၂၄
Written by Nyein Kyaw

လာမည့် ပညာသင်နှစ်တွင် ကျောင်းအားလုံး ဖွင့်လှစ်သင်ကြားနိုင်‌ရေးနှင့် ကျောင်းနေအရွယ် ကလေးအားလုံး လုံလုံခြုံခြုံဖြင့် ပညာသင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄) တွင် ပြောကြားသည်။

အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ကျောင်းများ ပြန်လည်ကောင်းမွန်စေရေးနှင့် လာမည့် ပညာသင်နှစ်တွင် ကျောင်းများအားလုံး ဖွင့်လှစ်သင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ကျောင်းနေအရွယ် ကလေးအားလုံး လုံလုံခြုံခြုံဖြင့် ပညာသင်ကြားနိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ရန် တာဝန်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ဇွန်လအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်များ ကောင်းမွန်စေရေးနှင့် ပရိဘာဂများ ပြည့်စုံကောင်းမွန်စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးထားရန်လိုကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနှောင့်နှေးခဲ့ရသည့် ဒေသအချို့တွင်လည်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News