September 21, 2024

၂၂. ၄. ၂၀၂၄
Written by Nay Moe

ရပ်ကျေးတာဝန်ရှိသူနှစ်ဦးနှင့် နိုင်ငံ့ဝန်ထမ်းတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦးကို PDF အဖွဲ့များက တ​စ်နေ့တည်းပစ်သတ်ခဲ့မှု ဧပြီ ၁၉ ရက်ကဖြစ်ပွားခဲ့ပြီး ပစ်သတ်ခံရသူ ၁၀ ဦးအနက် ၅ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ထုတ်ပြန်သည်။

ဖြစ်စဥ်များမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးမောင်စိုး(၅၅)နှစ်သည် ၎င်းကျေးရွာအနီး မြင်းခြံ-ရေဝန်းသွားကားလမ်းဘေးရှိ ယာခင်းအတွင်း ရှိနေစဉ် PDF နှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝါးဒတ်ကွင်းကျေးရွာနေ ဦးအောင်ဇော်ဦး(၅၆)နှစ် သည် ကျေးရွာထိပ်ရှိ လက်ဖက်ရည်ဆိုင်၌ ရှိနေစဉ် PDF နှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့၍ ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထို့အတူ ညနေ ၄ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကန်နီကျေးရွာ အနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာနေ ဦးသိန်းဌေး(၅၀)နှစ်သည် ၎င်း၏သားမက်ဖြစ်သူ ကိုထွန်းမင်းဦး(၃၅)နှစ်နှင့်အတူ မန္တလေးမြို့မှ ဆီမီးခုံကျေးရွာသို့ 2F/8844 Hiace ယာဉ်ဖြင့် ဆီမီးခုံ-နဘူးအိုင်ကျေးရွာသွားကားလမ်းအတိုင်း မောင်းနှင်လာစဉ် ကန်နီကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အရောက် လမ်းဘေးမှ အသင့်စောင့်ဆိုင်းနေသည့် PDF ငါးဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးသိန်းဌေးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကိုထွန်းမင်းဦးတွင် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိ ကြောင်း သိရသည်။

ထို့အပြင် ည ၆ နာရီ ၁၅ မိနစ်တွင် ပျော်ဘွယ်မြို့နယ်၊ ဒဟတ်ကုန်းကျေးရွာရှိ လျှပ်စစ်ဓာတ်အားခွဲရုံ ဝန်ထမ်းအိမ်ရာနေ လျှပ်စစ်ဓာတ်အားခွဲရုံမှ လျှပ်စစ်ကျွမ်းကျင်(၄)ဖြစ်သူ ဦးသိန်းထိုက်(၃၆)နှစ်သည် ဇနီးဖြစ်သူ မစန်းစန်းဦး(၄၁)နှစ်နှင့်အတူ ပျော်ဘွယ်မြို့မှ ၎င်း၏နေအိမ်သို့ ယင်းတော်-ဒဟတ်ကုန်း-ကံပြားကျေးရွာသွားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် ပြန်လာစဉ် လျှပ်စစ်ဓာတ်အားခွဲရုံအနီးအရောက် လားရာတူနောက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် PDF တစ်ဦး (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးသန်းထိုက်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး ယင်းတော်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အထက်ပါဖြစ်စဥ်များအပြင် ဧပြီ ၁၉ ရက် ည ၇ နာရီ ၃၅ မိနစ်တွင် ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတိုင်းကျော် (၅၆)နှစ်သည် တစ်ရွာတည်းနေသူများဖြစ်ကြသည့် ဦးသိန်းနိုင်(၄၀)နှစ်၊ ဦးညွန့်လှ(၆၉)နှစ်နှင့် ဦးသန့်ဇင်(၄၄)နှစ်တို့နှင့်အတူ ကျေးရွာရှိ ရေစက်အနီး၌ ဝိုင်းဖွဲ့စကားပြောနေစဉ် ပုဂံပြည်ဘီလူးတပ်အပါအဝင် PDF ပူးပေါင်းအဖွဲ့ဝင် နှစ်ဦးရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးတိုင်းကျော်နှင့် ဦးသိန်းနိုင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးညွန့်လှနှင့် ဦးသန့်ဇင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *