၂၂.၄.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊အမှတ်(၆၁) ရပ်ကွက်၊ ရတနာလမ်းပေါ်ရှိ ရတနာနှင်းဆီအိမ်ရာ ၁၃ ထပ်မှ တိုက်ခန်း ၁ ခန်းတွင် ဧပြီလ ၂၂ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ အလျား ပေ ၂၀၊ အနံ ပေ ၃၀ တိုက်ခန်းရှိ အိပ်ခန်း၌ လျှပ်စစ်မီးပူကို အသုံးပြုရာ ခလုတ်မပိတ်မိဘဲ အပြင်သို့ထွက်သွားစဥ် အပူလွန်ကဲပြီး အနီးရှိ အဝတ်အစားများသို့ မီးကူးစက်ရာမှ စတင်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကြောင့် ၁၀ ပေ ပတ်လည် အိပ်ခန်းအတွင်းရှိ အိပ်ရာ၊ မီးပူနှင့်ဝါယာကြိုး၊ ကြိတ်သားဗီရို ၂ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“မီးလောင်နေတဲ့အချိန် အခန်းထဲမှာ လူမရှိဘူး။ မီးပူကနေ စပြီးလောင်တာ။ အခန်းထဲမှာကျန်ခဲ့တဲ့ ခွေး၂ ကောင်လည်း ၁၃ လွှာကနေ ပြုတ်ကျပြီး သေသွားတယ်”ဟု မီးလောင်ပြင်သို့ ရောက်ရှိခဲ့သူတစ်ဦးက ပြောသည်။

မီးလောင်မှုမှာ တစ်နာရီကျော်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၅ စီး၊ ရေသယ်ယာဥ် ၁ စီး၊ အထောက်အကူပြုယာဥ် ၂ စီး၊ရှာဖွေကယ်ဆယ်ရေးယာဥ် ၁ စီး၊ အုပ်ချုပ်မှုယာဥ် ၁ စီး၊အမြင့်တင်မီးငြှိမ်းသတ်ယာဥ် ၁ စီး မီးသတ်တပ်ဖွဲ့ဝင် ၈၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

တိုက်ခန်းမီးလောင်မှုကြောင့် အသက် ၄၂ နှစ်အရွယ် အမျိုးသားကို ပုဒ်မ ၂၈၅ ဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *