၂၂. ၄. ၂၀၂၄
Written by Pan Ei

အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား နယ်စပ်က အဓိကဆက်သွယ်ထားတဲ့ ဇို့ခွာသာ ချစ်ကြည်ရေးတံတားကို အိန္ဒိယပြည်သူ့လွှတ်တော် ရွေးကောက်ပွဲအပြီး ယာယီပိတ်ထားပြီးနောက် ပြန်မဖွင့်ခဲ့တာကြောင့် နှစ်ဖက်နယ်စပ်က ပြည်သူတွေ ဒေါသထွက်ခဲ့ကြရပြီး နောက်ပိုင်းမှာ ဒေသခံတွေရဲ့ တောင်းဆိုချက်အရ အများပြည်သူအတွက် စနေနေ့ နေ့လယ်က ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ အိန္ဒိယအခြေစိုက်သတင်းတွေမှာ မနေ့က ဖော်ပြထားပါတယ်။

နယ်စပ်ဂိတ်ကို ပြန်ဖွင့်ထားပေမဲ့ အရင်လိုမဟုတ်ဘဲ တံတားပေါ်မှာ အာသံရိုင်ဖယ်တပ်ရဲ့ တင်းကြပ်တဲ့ စောင့်ကြည့်မှုတွေရှိနေပြီး ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေတွေ၊ ပညာရေးအတွက် ခရီးသွားရမဲ့ ကျောင်းသားတွေနဲ့ တခြားသော အရေးပေါ်အခြေအနေတွေ ကြုံတွေ့နေရသူတွေအတွက်တော့ ခြွင်းချက်အနေနဲ့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း အရံတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

အာသံရိုင်ဖယ်တပ်ကလည်း နယ်စပ်ပြန်လည်ဖွင့်လှစ်ခြင်းကို ဧပြီလ ၃၀ ရက်နေ့အထိသာ ထားရှိသွားမှာဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့ကစ နယ်စပ်ဖြတ်ကျော်လှုပ်ရှားမှုတွေကို တားဆီးဖို့အတွက် နယ်စပ်ကိုအပြီးအပိုင်ပိတ်ထားမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ကာ ပြန်ဖွင့်မဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဖော်ပြထားတာ မရှိပါဘူး။

ဒါ့အပြင် အိန္ဒိယနဲ့ မြန်မာနယ်စပ်ကြား လွတ်လပ်စွာသွားလာလှုပ်ရှားခွင့် (Free Movement- FMR )ကို အစိုးရက ဖျက်သိမ်းမယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဇို့ခွာသာက ရပ်ရွာခေါင်းဆောင်က စုံစမ်းမေးမြန်းမှုကို အာသံရိုင်ဖယ်တပ်က တာဝန်ရှိသူတွေက တိကျသေချာတဲ့ အဖြေတွေကို မပေးဘဲ သူတို့လည်း အထက်အာဏာပိုင်တွေရဲ့ အမိန့်ကိုပဲ လိုက်နာနေကြခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဇို့ခွာသာနယ်စပ်ဟာ အိန္ဒိယနဲ့ မြန်မာကြား ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ ပြည်သူအချင်းချင်း အပြန်အလှန် ဆက်ဆံရေးတွေအတွက် အရေးပါတဲ့ လမ်းပြတစ်ခုအဖြစ် တည်ရှိနေတယ်ဆိုတာကတော့ ငြင်းပယ်လို့မရပါဘူး။

Ref; India Today NE

Leave a Reply

Your email address will not be published. Required fields are marked *