၂၂. ၄. ၂၀၂၄
Translated by Htwe Ko Tun

အရှေ့အလယ်ပိုင်းဒေသ၏ အစ္စရေးတို့သိမ်းပိုက်ထားသောအနောက်ဘက်ကမ်းဒေသတွင် ဧပြီလ ၂၀ ရက်က အစ္စရေးတပ်ဖွဲ့များတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၄ ဦးသေဆုံးခဲ့ရပြီး အခြားသော သူနာတင်ယာဉ်မောင်းသူတစ်ဦးမှာလည်း ဒေသအတွင်း အကြမ်းဖက်ကျူးကျော်နေထိုင်သူ ဂျူးလူမျိုးများ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူများအား သယ်ဆောင်ရန်အသွား သီးခြားတိုက်ခိုက်မှုတစ်ရပ်တွင် သေဆုံးခဲ့ရကြောင်း ပါလက်စတိုင်းအာဏာပိုင်များက ပြောခဲ့ကြသည်။

အစ္စရေးတပ်ဖွဲ့များက အနောက်ဘက်ကမ်းဒေသ၏ ပါလက်စတိုင်းတို့မြို့ဖြစ်သော တူလ်ခရမ်မြို့အနီး နာရှမ်းစ် နယ်မြေအတွင်းသို့ ထိုးဖောက်တိုက်ခိုက်မှုများကို ဧပြီလ ၁၉ ရက် နံနက်အစောပိုင်းနာရီများတွင် စတင်ပြုလုပ်ခဲ့ကြသည်။ တူလ်ခရမ်မြို့အတွင်း ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့များ ပေါင်းစည်း၍ ဖွဲ့ထားသော တူလ်ခရမ်တပ်မဟာနှင့် အစ္စရေးတပ်ဖွဲ့များအကြား တိုက်ခိုက်မှုများက ဧပြီလ ၂၀ ရက်ထိ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

ကျောက်ကပ်ပုံနှင့် ဆင်တူသည်ဟုဆိုကြသော အနောက်ဘက်ကမ်းဒေသက အရှည်အားဖြင့် ကီလိုမီတာ ၁၀၀(မိုင် ၆၀) နှင့် အကျယ်အားဖြင့် ကီလိုမီတာ ၅၀ ခန့်ရှိပြီး ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်း စစ်ပွဲအပြီးတွင် အစ္စရေးတို့က သိမ်းယူခဲ့သည်မှစ၍ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ၏ဗဟိုချက်နေရာလည်း ဖြစ်လာခဲ့သည်။ ဂါဇာကမ်းမြောင်တွင် အစ္စရေးနှင့် ဟားမားစ်အကြားစစ်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် အနောက်ဘက်ကမ်းဒေသတွင်လည်း စစ်သွေးကြွအုပ်စုများကို အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများ၊ ပါလက်စတိုင်းကျေးရွာများကို အကြမ်းဖက်ကျူးကျော်နေထိုင်သူ ဂျူးလူမျိုးများ၏ တိုက်ခိုက်မှုများကြောင့် ဝရုန်းသုန်းကားပြေးလွှားရမှုများ၊ အစ္စရေးတို့အား ပါလက်စတိုင်းတို့က လမ်းများပေါ်တွင် တိုက်ခိုက်မှုများစသည့် အကြမ်းဖက်မှုများဖြစ်ပွားလာခဲ့သည်။

ဂါဇာစစ်ပွဲစတင်သည်မှစ၍ ပါလက်စတိုင်းထောင်ပေါင်းများစွာလည်း အစ္စရေးစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရကာ အများစုမှာ ပါလက်စတိုင်းလက်နက်ကိုင်တပ်ဖွဲ့များမှ ဖြစ်ကြသည်။ သို့သော် ကျောက်ခဲဖြင့်ပစ်ပေါက်သူလူငယ်များနှင့် အပြစ်မဲ့ ပတ်သက်ခြင်းမရှိသူ အရပ်သားများလည်း ဖမ်းဆီးခြင်းကို ခံခဲ့ကြရသည်။ ဧပြီလ ၂၀ ရက်က အစ္စရေးတပ်ဖွဲ့များတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၄ ဦးသေဆုံးခဲ့ရမှုက ဒေသအတွင်း ပြီးခဲ့သည့်လများအတွင်း အကြီးမားဆုံးသော လူအများအပြားသေဆုံးမှုဖြစ်ရပ်လည်း ဖြစ်ခဲ့သည်။

အစ္စရေးစစ်တပ်ကလည်း ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်သွေးကြွအချို့ကို သတ်ဖြတ်နိုင်ခဲ့ကြောင်းနှင့် တပ်ဖွဲ့ဝင်လေးဦးလည်း အနည်းဆုံး ဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့သည်။

ဂါဇာဒေသအတွင်းတွင်လည်း တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားလျက်ရှိရာ ပါလက်စတိုင်းပြည်သူတို့ သေဆုံးမှုမှာ စစ်ပွဲစတင်သည်မှစ၍ ၃၄,၀၀၀ ကျော်သွားခဲ့ပြီဟု ပါလက်စတိုင်းကျန်းမာရေးအာဏာပိုင်များက ဧပြီလ ၂၀ ရက်တွင် ပြောခဲ့ကြသည်။ ဂါဇာဒေသတွင် တောင်ဘက်အစွန်ဆုံးမြို့ဖြစ်သော ပါလက်စတိုင်းပြည်သူတစ်သန်းခန့နေထိုင်ရာ ရာဖာမြို့ကိုလည်း အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လျက်ရှိရာ ထိခိုက်သေဆုံးမှုများများပြားနေရကြောင်း သိရသည်။

Ref- MSN

Leave a Reply

Your email address will not be published. Required fields are marked *