၂၂. ၄. ၂၀၂၄
Written by Pan Ei

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ကတ်ပြားအတုထုတ်တဲ့ အဖွဲ့ထဲမှာ ပါဝင်တယ်လို့ သံသယရှိတဲ့ မြန်မာအမျိုးသားနှစ်ဦးကို ကယ်လန်တန် လူဝင်မှုကြီးကြပ်ရေးဌာနက အထူးစစ်ဆင်ရေးတစ်ခုမှာ ဖမ်းဆီးခဲ့တယ်လို့ မလေးရှားအခြေစိုက် သတင်းတွေမှာ မနေ့က ဖော်ပြထားပါတယ်။

သောကြာနေ့ည ၁၀ နာရီအချိန်ခန့်မှာ အထူးစစ်ဆင်ရေးတစ်ခုအတွင်း ကယ်လန်တန်ပြည်နယ်၊ ကမ်ပမ် ချမ်ဂယ်ဒေသရှိ အိမ်တစ်အိမ်ကို ပထမဆုံးဝင်ရောက်စီးနင်းခဲ့ရာ အသက် ၂၈ နှစ်အရွယ် သံသယရှိသူနဲ့ သူ့ရဲ့ အသက် ၃၀ နှစ်အရွယ် သူငယ်ချင်းတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သံသယရှိသူတွေဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း UNHCR ကတ်တွေ တရားမဝင်ရရှိရေးအတွက် ပါဝင်ပတ်သက်နေတယ်လို့ ယူဆရတဲ့ UNHCR ကတ်လျှောက်လွှာစာရွက်စာတမ်းတွေကို သူတို့ ကွန်ပြူတာဖိုင်တွေထဲမှာ စစ်ဆေးချက်တွေအရ တွေ့ရှိခဲ့တယ်လို့ ကွပ်ကဲမှုဌာန အကြီးအကဲ Ruzaana Mohamed က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူတို့ဆီကနေ ဒီလှုပ်ရှားမှုတွေကနေ ရရှိတယ်လို့ ယူဆရတဲ့ ငွေသား မလေးရှား ရင်းဂစ်ငွေ ၁၄၀,၀၀၀၊ လက်ပ်တော့ ၂ လုံးနဲ့ UNHCR ကတ်လျှောက်လွှာစာရွက်အတုငါးခုတို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးထဲက တစ်ဦးမှာတော့ UNHCR ကတ် အစစ်ရှိပေမဲ့ သူတို့ဟာ UNHCR ကတ်တွေအတွက် ဖောင်အတုတွေကို ဆိုရှယ်မီဒီယာကတစ်ဆင့် နိုင်ငံခြားသားတွေဆီ ကြော်ငြာနေတာဖြစ်နိုင်ပြီး လျှောက်လွှာတစ်ခုစီအတွက် ရင်းဂစ်ငွေ ၂,၀၀၀ လောက်ရတယ်လို့ ခန့်မှန်းရကြောင်းလည်း Ruzaana က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါ စစ်ဆင်ရေးအတွင်း တစ်အိမ်ပြီးတစ်အိမ် ထပ်မံစစ်ဆေးခဲ့ရာကနေ တရားဝင် ခရီးသွားစာရွက်စာတမ်းမရှိဘဲ မလေးရှားနိုင်ငံကို ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား လေးဦးကို ဖမ်းဆီးခဲ့တယ်လို့လည်း မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ Ruzaana က ထည့်သွင်းပြောကြားခဲ့ပါတယ်။

Ref; New Straits Times

Leave a Reply

Your email address will not be published. Required fields are marked *