၂၁. ၄. ၂၀၂၄
Written by Nay Moe

တောင်ပိုင်းတိုင်းစစ်ဒေသရဲ့ ကျားသစ်နက်စစ်ကြောင်းက တပ်ခွဲမှူးတစ်ယောက်ဖြစ်သလို NLD ပါတီရဲ့ကရင်ပြည်နယ်နဲ့ မြဝတီမြို့NLD ပါတီလူငယ်တာဝန်ခံခေါင်းဆောင် နေမင်းမိုး(နဂါး) (ခ) ထင်ကျော်ဟာ ဧပြီ ၂၀ ရက်က မြဝတီအမှတ် (၂) တံတားက ခလရ (၂၇၅) တပ်ကို လာတိုက်ချိန်မှာ တပ်မ (၄၄) က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိသေဆုံးသွားတယ်လို့ သိရပါတယ်။

မြဝတီမြို့သားလည်းဖြစ်တဲ့ နေမင်းမိုးဟာ မသေဆုံးခင်တစ်ရက်ကတင် မြဝတီကိုသိမ်းလိုက်နိုင်ပြီဆိုပြီး တိမ်းရှောင်နေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မိခင် ဒေါ်ခင်ခင်ထား(ခ) ဒေါင်းခင်ခင်နဲ့ သွားရောက်တွေ့ဆုံကာ ဖက်ငိုခဲ့သေးတာဖြစ်ပြီး အဲဒီတွေ့ဆုံအပြီးမှာ ခလရ (၂၇၅) ကို တိုက်ခိုက်ချိန် တပ်မတော်ရဲ့ လေကြောင်းပစ်ကူကြောင့် ဆုတ်အပြေးမှာ တပ်မ (၄၄)ရဲ့ လက်နက်ကြီးကျည်ထိသေဆုံးသွားတာပါ။

တပ်ခွဲမှူးနေမင်းမိုးသေဆုံးတာနဲ့ပတ်သက်ပြီး ကျားသစ်နက်စစ်ကြောင်းက ဘာတစ်ခုမှမထုတ်ပြန်သေးပေမဲ့ တောင်ပိုင်းတိုင်း PDF အဖွဲ့ခေါင်းဆောင် Saw Shar Phaung Awar ကတော့ နေမင်းမိုးနဲ့ပုံတင်ပြီး “မြဝတီ နဲ့ ပြည်သူအားလုံးကို မင်းအရမ်းချစ်ခဲ့တယ်” လို့ ရေးသား ပို့စ်တင်ထားသလို့ ပို့စ်အောက်မှာလည်း အများအပြားက နေမင်းမိုးသေဆုံးလို့ ဝမ်းနည်းကြောင်း ရေးသားထားတာ တွေ့ရပါတယ်။

မြဝတီမြို့က ခလရ (၂၇၅) နဲ့ ကော့ကရိတ်ကို တိုက်တဲ့ KNU နဲ့ PDF တွေဟာ လေကြောင်းပစ်ကူနဲ့ အောင်ဇေယျစစ်ကြောင်းကြောင့် အကျအဆုံးများစွာနဲ့ဆုတ်ခွာသွားရတယ်လို့ Exile မီဒီယာတွေ၊ PDF နဲ့ EAO တွေရဲ့ မီဒီယာတွေက ရေးသားနေသလို တိုက်ပွဲနှစ်ခုအတွင်းမှာ လူဦးရေထောင်ချီကျဆုံးခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *