၂၁. ၄. ၂၀၂၄

Written by Thettant

မနေ့က ကျင်းပခဲ့တဲ့ ထိုင်းလိဂ် (၂) ပွဲစဉ်မှာ အောင်ကောင်းမာန်ရဲ့ နာခွန်ရချာရှီးမား ( ခိုရတ် ) အသင်းက အမှတ်ပေးဇယား ဒုတိယ နေရာက နောင်ဘူရာ အသင်းကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့တာကြောင့် အောင်ကောင်းမာန်က ထိုင်းမြေမှာ ချန်ပီယံဖလားကိုင်မြှောက်နိုင်ခဲ့သလို သူလက်ရှိကစားနေတဲ့ နာခွန်ရချာရှီးမားအသင်းကလည်း ထိုင်းလိဂ် (၁)ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

“အောင်ကောင်းမာန်ဟာ ထိုင်းမြေမှာ ချန်ပီယံ ဆုဖလား ကိုင်မြှောက်နိုင်တဲ့ မြန်မာ ပလေယာအဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်”လို့ မြန်မာစပါယ်ရှယ်က ကိုရဲနိုင်မိုးက လူမှုကွန်ရက်မှာ ရေးသားခဲ့သလို အောင်ကောင်းမာန်ကလည် မြန်မာအလံခြုံကာ အောင်ပွဲခံခဲ့တာ တွေ့ရပါတယ်။

ထိပ်ဆုံးက နာခွန်ရချာရှီးမားနဲ့ ဒုတိယနေရာက နောင်ဘူရာတို့ဟာ မနေ့ကပွဲမတိုင်ခင်မှာ အမှတ်တူနေခဲ့တာဖြစ်ပြီး နိုင်တဲ့အသင်းက ဖလားရမှာ​ဖြစ်လို့ ခြေကုန်ထုတ်ကစားခဲ့တာကြောင့် ပွဲကစားချိန် ၄၂ မိနစ်နဲ့ ၄၃ မိနစ်တွေမှာ ဆေးလ်ဗားရီယိုက နှစ်ဂိုးဆက်တိုက်သွင်းပေးခဲ့ပြီး တတိယဂိုးကိုတော့ ဂျရိုအန်ဘွတ်က သွင်းပေးခဲ့တာကြောင့် နာခွန်ရချာရှီးမားအသင်းက အိမ်ကွင်းမှာချန်ပီယံအဖြစ် ရမှတ် ၇၂ မှတ်နဲ့ ပွဲခံနိုင်ခဲ့တာပါ။

ထိုင်းလိဂ်(၂) က ရာသီသိမ်းဖို့ လက်ကျန်တစ်ပွဲကျန်နေသေးချိန်မှာ နာခွန်ရချာရှီးမားက ဒုတိယနေရာက နောင်ဘူရာကို ဒီနိုင်ပွဲကြောင့် သုံးမှတ်ဖြတ်ထားနိုင်ပြီး Head to Head စည်းမျဉ်းအရ နောက်ဆုံးပွဲအနိုင်အရှုံးက အရေးမပါတော့ဘဲ ချန်ပီယံဖြစ်ခဲ့တာပါ။

အောင်ကောင်းမာန်ဟာ နာခွန်ရချာရှီးမားမှာ ၈ ပွဲကစား ၂ ဂိုးသွင်းခဲ့သလို အဆုံးအဖြတ်ပွဲမှာလည်း ၁၅ မိနစ်ကြာလူစားဝင်ခွင့်ရခဲ့ပြီး ထိုင်းလိဂ်မှာ ကျော်ကိုကို၊ အောင်သူ၊ မောင်မောင်လွင်တို့ပြီးရင် ချန်ပီယံဖြစ်ခဲ့တဲ့ လေးယောက်မြောက် မြန်မာကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သလို အောင်ကောင်းမာန်ကိုလည်း စာချုပ်တစ်ရာသီတိုးထားလို့ လာမဲ့ဘောလုံးရာသီမှာ ထိုင်းလိဂ် (၁) မှာ မြင်ရတော့မှာပါ။

Photo: Aung Kaung Mann & Nakhon

Leave a Reply

Your email address will not be published. Required fields are marked *